"ကိုယ် ရန်ကုန် သွားဖို့ရှိတယ်။"
ဈာန်တို့နှစ်ယောက် ဘောလုံးထရိန်နင်ဆင်းပြီး မနက်စာအတူစားနေခြင်း ဖြစ်သည်။ဈာန်က ရန်ကုန်သွားဖို့နဲ့ပတ်သက်ပြီး စကားစလိုက်သည်။ကိုရီးယားသွားဖို့ရန် ဈာန်တို့သင်တန်းတစ်ခုလုံး ရန်ကုန်သို့ လိုအပ်သည်များ သွားရောက်လုပ်ရမည်ဖြစ်သည်။
"သွားပေါ့။"
ချစ်ရသူလေးက ဈာန့်အပြောကို အလိုမကျသလို ပြန်ဖြေလာသည်။ချစ်ရသူလေးဘောလုံးကန်ရဖို့က ရက်ပိုင်းပဲလိုတော့၏။ဘောလုံးကန်ရင် ဈာန့်ကို လိုက်အားပေးစေချင်သည့်ချစ်ရသူလေးက အခုလို ရုတ်တရက်သွားမည့်ခရီးကို မကြည်ဖြူတာမဆန်း။ဈာန်ကလည်း ထရိန်နင်ဆင်းတာတောင် အစစအရာရာ ကိုယ်တိုင်လိုက်လုပ်ပေးနေတာ။ဘောလုံးကန်တဲ့အခါလည်း လိုက်အားပေးဖို့တွေးထားပြီးသား။ဒါပေမဲ့ အခြေအနေက ဖန်လာတော့ ဈာန့်ဘက်က ပျက်ကွက်ရသည်။
"ကိုယ်ပြန်လာရင် ဘာဝယ်ခဲ့ရမလဲ။"
ဈာန်က အလင်း ပန်းကန်ထဲသို့ ငါးဖယ်များထည့်ပေးရင်းမေးလိုက်သည်။
"လိုချင်တာမရှိဘူးလား။"
ဈာန်ကသာ ပြောဆိုနေပေမဲ့ရှေ့ကလူသားလေးက ဘာမှတုန့်ပြန်မလာ။ဈာန်ထည့်ပေးထားသော ငါးဖယ်ကိုသာ ဇွန်ခရင်းဖြင့်ထိုးမွှေနေ၏။
ရှေ့ကလူသားလေးကို ကြည့်ပြီး ဈာန်သက်ပြင်းသာချမိသွားသည်။သူနဲ့အဝေးကိုသွားတာ မကြိုက်သည့်ချစ်ရသူလေးကို အခုချိန်မှာ ချော့မော့ပြောဆိုရုံမှလွဲ၍ ဈာန်လည်းတတ်နိုင်တာမရှိသေးပါ။
/////////
"ဘာလုပ်နေလဲ။"
"ဂိမ်းဆော့နေတယ်၊ မအားဘူး။"
"လေစိမ်းတွေတအားတိုက်တာပဲနော်။"
တစ်ဖက်မှ ချစ်ရသူလေး၏အဖြေကြောင့် ဈာန်ပြုံး၍ စနောက်လိုက်သည်။သူများတွေကအနေဝေးရင် သွေးအေးသွားကြတာ။ဈာန်၏ချစ်သူလေးက အနေဝေးတော့ ဂိမ်းပလေး(play)နေ၏။ဈာန်နဲ့ ဖုန်းပြောချိန်တောင် သူ့မှာ မနည်းချန်နေရသည့်ပုံ။ဈာန့်မှာတော့ ရန်ကုန်ကနေ အဆင်မှပြေရဲ့လားလို့စိတ်ပူရ၊ချစ်ရသူလေးကို လွမ်းလိုက်ရဖြင့်။