"အလင်း တစ်ခုခု စားလိုက်ဦး"
ဈာန်ကပြောနေပေမယ့် ကုတင်ပေါ်မှ လူသားလေးက မလှုပ်မယှက်ပင်။မြတ်နိုးဆီကဖုန်းရရချင်း ဈာန်လည်း လုပ်လက်စအလုပ်များကို ဒီအတိုင်းထားပြီး တန်းပြန်လာခဲ့သည်။အတိတ်ကမှတ်ဉာဏ်တချို့ကိုပြန်လည်အမှတ်ရသွားတဲ့ ချစ်ရသူလေးရဲ့အခြေအနေက စိုးရိမ်စရာမရှိတော့ပေမယ့် သတိရလာကတည်းက ဈာန့်ကို အနားအကပ်မခံ။ဘာမှမစားသလိုဘာမှလည်းမပြော။
"ကိုယ် ကြက်သားဆန်ပြုတ်လေး လုပ်လာတယ်။"
"ခွမ်း"
ဈာန်က ဆန်ပြုတ်ပန်းကန်လေးကို ရှေ့ချပေးတော့ တိုးချပစ်လိုက်သည်။ဈာန်ကလည်း ကွဲကျသွားသော ပန်းကန်ကို ပြန်ကောက်ပြီး သန့်ရှင်းရေးအမြန်လုပ်လိုက်သည်။ချစ်ရသူလေးပန်းကန်ခွဲတာ ဒါက ပထမဆုံးအကြိမ်မဟုတ်တော့။ဈာန်ယူလာပေးသမျှအစားအသောက်ပန်းကန်များကိုခွဲတာဒါရောဆိုရင် ဆယ်ကြိမ်လောက်ရှိပြီဖြစ်သည်။
"ကိုယ်နောက်ထပ်သွားယူလိုက်ဦးမယ်။"
ဈာန်ကပြောပြီး ထွက်သွားသည်။တံခါးပိတ်မည်အလုပ် ကုတင်ပေါ်မှလူသားလေးကိုကြည့်ပြီးသက်ပြင်းသာချမိသွားသည်။သူ့ကို အရွဲ့တိုက်တာမခက်။အခုချိန်ထိအစားမဝင်သေးတာခက်၏။
/////////
"ဒါကုန်အောင် စား"
ယူလာသော ခေါက်ဆွဲပန်းကန်ကိုရှေ့ချပေးလိုက်၍ ဈာန်က မာဆတ်ဆတ်ဖြင့်ဆိုလိုက်သည်။
အလင်းမဟာနိုင်ကို ဘယ်လိုမှချော့မော့၍မရတော့ ဈာန်က ပုံစံပြောင်းတော့သည်။
"ကိုယ့်ကို မမြင်ချင်ရင် ကိုယ်ထွက်သွားပေးမယ်။ဒီလိုမျိုးကိုယ့်ကို ထိခိုက်အောင်လုပ်နေတာတော့ ကိုယ်ခွင့်မပြုနိုင်ဘူး။"
ဈာန်က အမြဲတမ်းနူးနူးညံ့ညံ့သာအလင်းကိုဆက်ဆံတတ်သည်။ဈာန်၏ယခုလိုပုံစံကို အလင်းက နည်းနည်းတော့လန့်တဲ့ပုံ။
"ဖုန်းပေး"
ခေါင်းမာသူလေးက ခေါက်ဆွဲ ပန်းကန်ကိုတော့မထိ။ဈာန့်ဆီမှ သူ့ဖုန်းကိုသာတောင်းလာသည်။ဈာန်က ဖုန်းကို သိမ်းထားတာရယ်တော့မဟုတ်။သူ့ဖုန်းကို ဘယ်နားမှာထားမှန်းမသိတဲ့သူလေးက ဈာန့်ဆီကိုသာ ဖုန်းတောင်းလေခြင်းဖြစ်၏။