"အလင်း"
ဈာန်လည်း အိပ်ရာထက်မှ ပျာပျာသလဲထကာ ရေရွတ်လိုက်သည်။ရင်ခွင်ထက်မှ ချစ်သူလေးကို တစ်ညလုံးငေးမောကြည့်နေခဲ့ရာ မိုးလင်းခါနီးမှ အိပ်ပျော်သွားခဲ့သည်။အိပ်ရာနိုးတော့ ရင်ခွင်ထဲမှ ချစ်သူလေးကို မတွေ့ရ၍ ရင်ပူသွားသည်။
"အလင်း"
ဈာန်က ခြေသံတဒုန်းဒုန်းနှင့်အတူ လှေကားထက်မှပြေးဆင်းလာခဲ့သည်။
"ဟော...သား ဈာန် နိုးလာပြီးလား။"
ဒေါ်မြင့်က အလောတကြီးပြေးဆင်းလာသော ဈာန့်ကို မြင်၍မေးလိုက်သည်။
"ဟုတ် ကြီးမြင့်"
ဈာန်လည်း ထမင်းစားဝိုင်းမှ ထိုင်နေသော အေးချမ်းရာလေးကို မြင်မှ ပြန်ပြီးတည်ငြိမ်နိုင်သွားသည်။
"အလင်းက အစောကြီးနိုးလာပြီး ဗိုက်ဆာတယ်ဆိုလို့"
"ကြီးမြင့်ကလည်း ဗိုက်ဆာတာကို ဘာလို့ကော်ဖီတိုက်ထားတာလဲ။"
ဈာန်ရဲ့လေသံမာမာကြောင့် ဒေါ်မြင့်တစ်ယောက်လည်း ကြောင်သွားသည်။သူတို့ ဒီမှာနေတဲ့ကာလတစ်လျှောက်လုံး ကိုယ့်အိမ်ကိုယ့်ရာလိုသာနေရသည်။ဒီကောင်လေးက သူတို့ရဲ့အလုပ်ရှင်ဆိုပေမဲ့ သူတို့ချက်ကျွေးတာစားသည်။ဘာမှ အတွန့်တက်ရိုးထုံးစံမရှိ။
သူ့ကိုဆိုလည်း အဒေါ်တစ်ယောက်လို၊ မိခင်တစ်ယောက်လို လေးလေးစားစားသာဆက်ဆံသည်။"ငါက ကော်ဖီသောက်မယ်ပြောလို့"
အလင်းစကားကြောင့် ဒေါ်မြင့်ကို အပြစ်ပြောနေသည့်ဈာန်လည်း စကားမဆက်တော့။အလင်းဘက်သို့လှည့်၍ နူးညံ့သည့်အသွင်ဖြင့်စကားဆိုလာသည်။
"ကိုယ့်ကို ခဏစောင့်၊ ကိုယ်မနက်စာပြင်ပေးမယ်။"
ဈာန်က အလင်းကို ပြောပြီး အိမ်ပေါ်သို့ အလျင်အမြန်ပြန်တက်သွားသည်။ဒေါ်မြင့်လည်း ဈာန့်ရဲ့ပြောင်းလဲသွားသောအမူအရာကို အံ့သြတကြီး သာကြည့်နေလေသည်။
////////
"ကိုယ် အလုပ်ကိစ္စရှိလို့ ခဏသွားလိုက်ဦးမယ်။"
ဈာန်က ယခုရက်ပိုင်း အလင်းအနားနေ၍ အလုပ်ကို အိမ်ကနေသာလုပ်သည်။သို့ပေမဲ့နောက်ထပ်တိုးချဲ့မည့်အလုပ်များအတွက် ဈာန်မသွားလို့မရ။