"ကိုယ့်အတွက်မွေးနေ့လက်ဆောင်"
ဈာန်က အလင်း၏ရှေ့ကို လက်ဖြန့်ကာဆိုလိုက်သည်။ချစ်ရသူလေးက မတွေ့ရသည့်အတောအတွင်း ပိုပြီးချစ်စရာကောင်းလာသည်။
မန္တလေးမှာ မနေချင်ပေမဲ့ အဒေါ်တွေကိုမလွန်ဆန်နိုင်သဖြင့် နေခဲ့ရသောအလိမ္မာတုံးချစ်ရသူလေးက သူ့အဒေါ်ကြိုင်ကြိုင် အလုပ်ကိစ္စနဲ့ ခရီးထွက်တုန်း ဈာန့်မွေးနေ့ကို ခိုးပြန်လာခဲ့တာဖြစ်သည်။
ချစ်ရသူလေးကို လွမ်းနေရသော ဈာန်လည်းခိုးပြန်လာသည်ကို မတားမိ။ညနေ 6 နာရီကားနှင့် လာသည်ကို သိကတည်းက နာရီကို တကြည့်ကြည့်ဖြင့်သာ။မနေနိုင်သည့်အဆုံး ပြန်လာမည့်လမ်းကသာ သွားစောင့်နေလိုက်သည်။
ချစ်ရသူလေးက ဈာန် လမ်းမှာစောင့်နေသဖြင့် ကားဂိတ်အထိမစီးတော့ဘဲ ဈာန့်စောင့်နေသည့်နေရာတွင်သာ ဆင်းကျန်ခဲ့သည်။ကားပေါ်ကဆင်းဆင်းချင်း မွေးနေ့လက်ဆောင်တောင်းလာသည့် ဈာန်ကြောင့် ချစ်ရသူလေးက အိတ်ထဲမှ အရာကို နှိုက်ယူပြီးပေးလာသည်။
"ဒါပဲလား။"
ဈာန်လည်း သူ့လက်ပေါ်တင်ပေးလာသော couple bracelet ကိုယူ၍ စနောက်စကားဆိုလိုက်သည်။ချစ်ရသူလေးကိုယ်တိုင်က ဈာန့်အတွက်အဖိုးမဖြတ်နိုင်တဲ့လက်ဆောင်တစ်ခုဖြစ်ပေမယ့် သူ့အပေါ်တွင် ကလေးဆန်လှသောချစ်ရသူလေးက ဘယ်လိုမျိုး တုံ့ပြန်မလဲသိချင်၍ ဈာန်စနောက်နေခြင်းဖြစ်သည်။
"ဘာကျွေးမှာလဲအရင်ပြော"
ချစ်ရသူလေးက ဈာန့်လည်ပင်းကို သိုင်းဖက်၍ ချစ်ဖို့ကောင်းအောင် ဆိုလာသည်။ဈာန်ကလည်း သဘောတကျရယ်မော၍
"ဘာစားချင်လဲ။"
ဈာန်က သူ့ကိုဖက်ထားတဲ့ချစ်ရသူလေးကို မျက်နှာချင်းဆိုင်ပြန်ဆွဲဖက်၍ မြတ်နိုးမှုများအပြည့်ဖြင့်ဆိုလာသည်။
"အသားကင်နဲ့ ဘီယာအေးအေး"
"အတတ်ကောင်းတွေတတ်လာတယ်။"
ဈာန်က နှာခေါင်းလေးကို မနာအောင်ဆွဲညှစ်၍ ဆိုလိုက်တော့ ဈာန့်ကို မျက်နှာငယ်လေးဖြင့်ကြည့်လာသည်။သဘောက သူသောက်ချင်လို့ တိုက်ပါပေါ့။ဈာန့်မှာလည်း အလိုလိုက်စရာဆိုလို့ ဒီချစ်သူလေးတစ်ယောက်ပဲရှိတာ။အရာအားလုံး သူလေးရဲ့စိတ်တိုင်းကျပေါ့။