"မင်းရဲ့သားက မင်းနဲ့မတူဘူး၊ချစ်ဖို့ကောင်းတယ်"
ဈာန်က ကျော်နိုင်၏သားလေးကို ပွေ့ဖက်နမ်းရှုံ့ပြီးဆိုလာသည်။ကလေးက နှစ်လသားဆိုပေမယ့် တစ်တစ်ရစ်ရစ်ဖြင့် ချစ်စဖွယ်ကြီးဖြစ်သည်။ကျော်နိုင်က အသားနည်းနည်းညိုချင်ပေမယ့် ကလေးက အမေဖြစ်သူကိုတူပုံရသည်။အသားဖြူသည်။ဈာန်က နမ်းရှုံ့သည်ကိုမကြိုက်သည်သဘောဖြင့် မျက်နှာလေးရှုံ့မဲ့နေပုံကအသည်းယားဖွယ်ရာပင်။
ဈာန်တို့ရွာရောက်နေတာဖြစ်၏။ရွာရောက်ရောက်ချင်းမှာပဲ ကျော်နိုင်က လာတွေ့သည်။
"ကလေးချစ်ရင် မင်းလည်း တစ်ယောက်လောက်ယူပါ့လား၊မင်းတို့မှာ ငွေလည်းရှိနေပြီပဲ"
"မယူချင်ပါဘူး၊ငါ့ကလေးကိုတောင် ချစ်လို့မဝဘူး"
"ချစ်လို့မဝတာ၊ဝတာနောက်မှထား။မင်းတို့က လူကြီးတွေရဲ့ခွင့်ပြုချက်မယူရသေးဘူးနော်။ဈာန်မေ့မနေနဲ့ဦး။"
"အခုလာတာ အဲ့ကိစ္စကြောင့်ပဲလေ"
အလင်းနဲ့ကိစ္စက ဈာန့်မိဘတွေနဲ့ ဈာန်အသိုင်းအဝိုင်းအနည်းအကျဥ်းပဲ အသိပေးထားရသည်။အလင်းမိဘတွေဆီကတော့ ခွင့်ပြုချက်ပင်မရသေး။ဒီတစ်ခေါက်ရွာလာတာ ဒီကိစ္စကြောင့်ပင်ဖြစ်သည်။ဈာန့်ဘက်က လူကြီးတချို့ဖြင့် အလင်းရဲ့မိဘတွေကို အသိပေးအကြောင်းကြားပြီး ခွင့်ပြုချက်ယူဖို့ဖြစ်သည်။
"ဝါတွင်းကြီး သူတောင်းစားရဲ့"
"ဝါကျွတ်ဖို့ ဘယ်နှရက်လိုတော့တာလဲ ပြက္ခဒိန်လည်းကြည့်လိုက်ဦး"
"မျက်စိနောက်ရတော့မှာပဲကွာ"
ကျော်နိုင်က အပြင်သွားဖို့ပြင်ဆင်ပြီး ထွက်လာသည့် မြတ်နိုးတို့နှစ်ယောက်ကိုမြင်သည်နှင့် စနောက်လိုက်သည်။သဲစုကျော်နဲ့ မြတ်နိုးပါ ရွာကို ပါလာတာဖြစ်၏။သဲစုကျော်က ရွာကို မရောက်ဖူးလို့ဖြစ်ပြီး မြတ်နိုးက ဈာန်တို့နှစ်ယောက်နဲ့နေရင် နည်းနည်းဆို နည်းနည်း တစ်လစာ စရိတ်အကုန်သက်သာလို့ဖြစ်သည်။
"နင် မျက်စိနောက်အောင် ငါတို့က နင့်ရှေ့ကင်မြီးကောက်ထောင်ပြီးလမ်းလျှောက်နေလို့လား"