မိုးရွာမည့်အရိပ်အခြေများကို မြင်နေရသော်လည်း အိမ်ရှေ့တွင် ရပ်နေမိသည့် ခြေအစုံက ချစ်ရသူကိုမမြင်တွေ့ရသေး၍ တစ်ဖဝါးမှ မခွာချင်။ တိတ်ဆိတ်နေသော အိမ်လေးသို့ မမှိတ်မသုန်ငေးကြည့်၍သာ လွမ်းမောခဲ့ရသည့်အရိပ်လေးကို ရှာဖွေနေမိသည်။
ဈာန် ကိုရီးယားကို ထွက်ရတော့မည်ဖြစ်သည်။အမိမြေမှမခွဲခွာခင် ချစ်ရသူလေးကို တွေ့သွားချင်သည်။ဒါကြောင့် မန္တလေးသို့ အရဲစွန့်ကာ လာခဲ့ခြင်းဖြစ်၏။
ပြတင်းပေါက် ထပိတ်ဟန်တူသော ချစ်ရသူလေးအရိပ်လေးကို မြင်မိတော့ နှလုံးသားတစ်ခုလုံး တာဝေးပြေးသမားတစ်ယောက်လို မောဟိုက်ကာတုန်ရီနေမိသည်။ဒီလူသားလေးကို လွမ်းလွန်းလို့ ဒီ့ထက်ပိုမြင်နေခွင့်ရချင်တယ်။ရင်ခွင်ထဲမှာ မလွတ်တမ်းဖက်ထားချင်မိတယ်။
မဆုံးနိုင်သောဆန္ဒများဖြင့် မှင်တက်ငေးမိနေတဲ့ ဈာန်လည်း ပြတင်းပေါက်မပိတ်ဘဲ ရှေ့ကနေပျောက်ကွယ်သွားသော အရိပ်လေးကြောင့် သတိပြန်ဝင်လာရသည်။အဆိုးလေးကတော့ကွာ။
တွေ့ချင်၊မြင်ချင်သည့် ဆန္ဒများစွာ ရှိနေသော်လည်း ဈာန့်မှာ မတွေ့ရဲပါ။ဒီဟာလေးကို တွေ့မိရင် မခိုင်သော သူ့စိတ်များကြောင့် ဒီတစ်ခါ လက်လွှတ်နိုင်တော့မည်မထင်။ဆိုင်ကယ်သာ မောင်းထွက်လာခဲ့ပြီး သူ့နှလုံးစိုင်လေးကို ရက်ရက်စက်စက် ကျောခိုင်းမိသည်။
ကျန်ခဲ့သူရဲ့နာကျင်မှုက ဘယ်လိုရှိမယ်မသိ။မထားချင်ပဲထားခဲ့ရတဲ့ သူ့အတွက်ကတော့ နှလုံးသားတစ်ခုလုံး စုတ်ဖြဲခံရသလို နာကျင်ရ၏။ပါးပြင်ထက်သို့ ကျဆင်းလာသည့် မိုးရေစက်များကြောင့် အဆိုးအပေလေးကို စိတ်ပူမိသွားသည်။မိုးရွာထဲမှာ ပေတေကာရပ်နေမည့်အဆိုးလေးကို တွေးမိပြီး ဆိုင်ကယ်ကို ပြန်လှည့်ရသည်။အဆိုးအပေလေးကတော့ ဒီလူကို စိတ်မချအောင် အမြဲလုပ်၏။
အလင်းလည်း မြင်ကွင်းထဲသို့ ပြန်လည်ရောက်ရှိလာသည့် ဆိုင်ကယ်ကြောင့် မတ်မတ်ပြန်ရပ်နိုင်ခဲ့သည်။
"လာ...သွားမယ်။"
ဈာန်လည်း ဆိုင်ကယ်ပေါ်မှ ဆင်းကာ မိုးခိုလို့ရမည့် လမ်းဘေးကအပင်တစ်ပင်အောက်သို့သွားရန် ချစ်ရသူလေးကို လက်ဆွဲခေါ်မိသည်။သူခေါ်သည်ကို မလိုက်ဘဲ ချစ်ရသူလေးက ပေတေကာရပ်နေဆဲဖြစ်သည်။