"ဈာန် မင်းဟာလေးက ဘာတွေကောက်နေတာလဲ။"
မှိုင်တွေချနေသော ဈာန့်ကိုကြည့်ပြီး မြတ်လင်း မနေသာတော့ဘဲ မေးရသည်။သူတို့တစ်ဖွဲ့လုံး ဈာန်၏အကောင်းစားချစ်သူလေးကောက်နေလို့ ချော့ဖို့ရန် ရွာပြန်ရောက်နေကြသည်။မြတ်လင်းက သင်တန်းမတက်ရပြီးရော လိုက်လာသော်လည်း ဈာန်တို့၏ပြဿနာကို အစအဆုံးမသိ။ဒါပေမဲ့ သူငယ်ချင်းဖြစ်သူ၏ အကျိုးကိုတော့ အားတတ်သရောလုပ်ရှာသည်။
ဈာန်တို့ ရွာပြန်ရောက်တာ တစ်ရက်လောက်ရှိပြီဖြစ်သည်။ညောင်ပင်ရွာ လက်ဖက်ရည်ဆိုင် ထိုင်ပြီး အချိန်ဖြုန်းလိုက်၊အိမ်ရှေ့ဆိုင်ကယ်ဖြတ်မောင်းလိုက်ဖြင့်သာ အချိန်ကုန်နေရသည်။ချစ်ရသူလေးကို ဖုန်းလည်းဆက်သွယ်မရသလို လူချင်းလည်းတွေ့ခွင့်မရသေး။
"ငါနဲ့ယုကို အထင်လွဲသွားတာ။"
ဈာန်က ချစ်ရသူလေးကောက်ရသည့်အကြောင်းကို မြတ်လင်းအား ရှင်းပြလိုက်သည်။
"အကောက်တောင်နည်းသေး ကိုယ့်ရည်းစားတစ်ယောက်လုံးကိုတောင်မမြင်ရအောင် အဲ့လောက်ထိမွှန်နေရလား။"
အကြောင်းစုံသိသွားသော မြတ်လင်းက ဈာန့်အား အားရပါးရ ပြောတော့သည်။ဈာန်လည်း ပြန်ပြောဖို့ခွန်အားမရှိ။အခုချိန်မှာ ချစ်ရသူလေးကို ရင်ခွင်ထဲပွေ့ဖက်ထားပြီး မင်းလေးတစ်ယောက်သာအချစ်ရဆုံးနဲ့ အချစ်ဆုံးဖြစ်ကြောင်း ဖြေရှင်းချက်တွေတသီကြီးပေးပြီး လွတ်ထွက်မသွားအောင် ပွေ့ဖက်ထားချင်မိသည်။လက်တွေ့မှာတော့ မျက်နှာလေးပင် မြင်ခွင့်မရ။
"အလုပ်ရှုပ်တယ်၊ တွေ့တဲ့နေရာမှာ မ ပြီးပြေးတော့ကွာ၊ ကိုယ့်လူဖြစ်သွားရင် ပိုရှင်းဖို့လွယ်တယ်။"
ဖြိုးကျော်ကျော်က ဂိမ်းဆော့နေရင်းမှထ၍ အကြံပေးသည်။ဈာန်တစ်ယောက် သူ့ဟာလေးကို ချော့ဖို့ကြိုးစားနေတာ အခုချိန်ထိ မအောင်မြင်သေး။သူ့ဟာလေးကိုချော့မရတာ နဲ့ပဲ ဖြိုးကျော်ကျော့်အိမ်မှာ ဆန့်ဆန့်ကြီးလှဲပြီး စိတ်ဓာတ်ကျပြနေသူကိုမြင်ရတာ ဖြိုးကျော်ကျော်လည်း စိတ်မချမ်းသာတော့။ကိုယ့်ဘာသာ အေးဆေးနေချင်လို့ အိမ်ခွဲနေပါတယ်ဆို။အိမ်မှာလာပြီး အပူသည်တွေစုနေတော့ ဖြိုးကျော်ကျော်မပျော်တော့။ညားပြီးမှ သူတို့ဘာသာ ဘယ်လိုရှင်းကြ၊ရှင်းကြဆိုတဲ့ အတွေးနဲ့အလွယ်ဆုံး အကြံကို ပေးလိုက်သည်။