"ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော့်အတွက်မပြန်လို့မရတဲ့အခြေအနေမလို့ပါ။"
"မဟုတ်တာ မင်း ငါတို့ကို အများကြီးကူညီပေးခဲ့တာပဲ။ ငါကပဲ မင်းကိုဝန်ထုပ်ဝန်ပိုးဖြစ်စေခဲ့လို့ ပြန်တောင်းပန်ချင်နေတာ။"
ဂင်ဂီဆူတစ်ယောက် ရှေ့ကကောင်လေးရဲ့စကားကို ပျာပျာသလဲတုံ့ပြန်ပြောဆိုလိုက်သည်။
" ကျွန်တော့်ကို ကူညီပေးခဲ့တာတွေနဲ့ စာရင် ဒါလေးတွေက မပြောပလောက်တဲ့အရာတွေပါ ။ကျွန်တော့်ကို ကူညီပေးခဲ့တာတွေအတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။ တစ်ခါတည်းလေဆိပ်ဆင်းတော့မှာမလို့ နှုတ်ဆက်ပါတယ်ဗျ။"
ဂင်ဂီဆူလည်း ကောင်လေးရဲ့နှုတ်ဆက်စကားကို ခေါင်းငြိမ့်အသိအမှတ်ပြုလိုက်သည်။
ကျောခိုင်းထွက်သွားသော ကောင်လေးရဲ့ကျောပြင်ကိုကြည့်ပြီး အတွေးပွားနေမိတော့သည်။
ဒီကောင်လေးလို ရိုးသားကြိုးစားပြီး ကျေးဇူးသိတတ်တဲ့ လူမျိုးကို ဂင်ဂီဆူ ဘဝသက်တမ်းတစ်လျှောက်မတွေ့ဖူးခဲ့။တစ်ဖက်နိုင်ငံက အလုပ်လုပ်လာတဲ့ အလုပ်သမားတစ်ယောက်ဖြစ်ပေမဲ့ အလုပ်ကိုကြိုးကြိုးစားစားသင်ယူပြီးလုပ်ကိုင်သောကြောင့် ဂင်ဂီဆူရဲ့လက်ရုံးတစ်ဆူဖြစ်ခဲ့ရသည်။
အလုပ်လုပ်ရာတွင်လည်း အကွက်မြင်လွန်းလှသည်။ရသမျှလစာများနှင့်စုဆောင်းကာ သူ့ရဲ့ရွာတွင် တန်ဖိုးနည်းမြေကွက်များကို ဝယ်စုထားသည်။မြေကွက်များက တစ်နှစ်အတွင်းသုံးဆလောက် မြတ်သွားသည်။
ဒါတင်မက သူ့ရွာအနီးတစ်ဝိုက်တွင် ပဲများ အရှုံးပေါ်သဖြင့် ပြောင်းဖူးများ ပြောင်းလဲစိုက်ပျိုးသည့်အခါ မျိုးစေ့အလုံအလောက်မရသည့်ပြဿနာနှင့်ရင်ဆိုင်ကြရသည်။ကောင်လေးက ပေးလာတဲ့ အခွင့်အရေးကို လက်လွှတ်မခံ။
မျိုးစေ့များကို ဂင်ဂီဆူရဲ့အကူအညီဖြင့် တင်သွင်းကာ ဖြန့်ဝေသည်။ ထိုမျှသာမက ပွဲရုံထောင်ကာ ထွက်သမျှ ပြောင်းဖူးများကိုသိမ်းယူပေး၍ နိုင်ငံခြားသို့ ပြန်လည်တင်ပို့သည်။တောင်သူများကိုလည်း အတိုးနှုန်း သက်သက်သာသာဖြင့် ငွေချေးငှားပေးသေးသည်။