အခန်း-၉
တကယ့်ကိုပဲ ညနေမှာ စံအိမ်ကို လူတစ်ယောက် ရောက်လာတယ်။ စံအိမ်က မြို့ထဲကလူတွေနဲ့ သိပ်ပြီးတော့ ရောယှက်နေတာမျိုး မရှိတော့ စံအိမ်ကို လူအသစ် အဝင်အထွက်က သိသာတယ်။
ပြီးတော့ အဲလူက ဦးစစ်နဲ့ အသက်အရွယ် အတူတူလောက်ပဲ ဖြစ်တယ်။ ပိုဆိုးတာက အဲလူကို သောက သိနေတာပဲ။ အရင်ဘဝတုန်းက သူက အဲလူကို ဦးစစ် သဘောကျနေတယ်လို့ အထင်မှားဖူးတဲ့ ပန်းဆိုင်ကလူ။
ပန်းဆိုင်ကလူ..။ ဟုတ်တယ်ဗျ။ အဲလူက ပန်းဆိုင်ဖွင့်ထားတယ်။ ပြီးတော့ အဲလူက ဒီဘက်လောကနဲ့ အဆက်အသွယ် မရှိတဲ့လူ ဖြစ်တယ်။ ဖြစ်နိုင်တာက ဦးစစ်ကိုတောင် ဘာ အလုပ်လုပ်လဲ ဆိုတာ အဲလူက သိပ်ပြီး ရှင်းလင်းမှာ မဟုတ်ဘူး။
လောလောဆယ်တော့ လူနှစ်ယောက် စားပွဲတစ်လုံးနဲ့ ခုံနှစ်ခုံက အခန်းတစ်ခုထဲမှာ ရှိနေတယ်။ အဲလူ ရောက်လာတယ် ဆိုတာကို ဦးစစ်က ထိန်းချုပ်ခန်းကနေ တွေ့ပြီးတော့မှ အောက်ထပ်ထိ ဆင်းလာပြီး နောင်တကိုရော ဒီလူကိုပါ ဒီအခန်းထဲ ထည့်သွားတယ် ဆိုပါတော့။
ထိန်းချုပ်ခန်း..။ အင်း.. ဒီအိမ်တော်ရဲ့ ပတ်ပတ်လည်မှာ စီစီတီဗီတွေ တပ်ထားတယ်။ အဲဒါတွေကို ကြည့်ဖို့ အခန်းတစ်ခု လုပ်ထားတယ် ဆိုပါတော့။ တခြားထိန်းချုပ်လို့ ရတဲ့ အရာတွေ ရှိသေးပေမဲ့ ကျွန်တော်တို့ သိခွင့်ရတာ ဒီလောက်ပဲ။
အခုတော့ ကျွန်တော်နဲ့ အဲလူက မျက်နှာချင်း ဆိုင်လျက်သား ထိုင်နေရတယ်။ သိပ်မကြာခင်က စိုင်းလွန်း လာချသွားပေးတဲ့ ကော်ဖီနှစ်ခုက စားပွဲအပုလေးပေါ်မှာ အငွေ့ထွက်နေတုန်းပဲ။ နှစ်ယောက်သားမှာ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်က အိမ်ရှင် ဆိုတော့ လောကဝတ် ကျေရမယ်။
"ဆရာ ကော်ဖီ သောက်ပါအုံး"
အဲလူက ကျွန်တော် စကားစလိုက်တာနဲ့ သေးသေးလေး ပြုံးတယ်။ ပြီးတော့ စကားစပြောလာတယ်။
"မင်းမြတ်က ပြောတယ်။ သူ့မှာ စိတ်နဲ့ ပတ်သတ်ပြီးတော့ အဆင်မပြေ ဖြစ်နေတဲ့ ကလေးတစ်ယောက် ရှိတယ်တဲ့.. အဲဒါကြောင့် ကိုယ် ဒီကို ရောက်လာခဲ့တာ"
YOU ARE READING
မင်းကို မချစ်တော့ဘူး ဆိုတာ ငါညာတာ/မင္းကို မခ်စ္ေတာ့ဘူး ဆိုတာ ငါညာတာ
Romanceလူဆိုးလေးတစ်ယောက်ရဲ့ မျိုသိပ်နိုင်မှု။ "ဦးစစ် ကျွန်တော့်ကို မယုံဘူး ဆိုရင် ဘာလို့ အနားကို ပြန်လာခဲ့ပါလို့ ပြောခဲ့သေးလဲ" အမှန်အတိုင်း ပြောရရင် အခုအချိန်မှာ ကျွန်တော်က သူ့ခေါင်း မော့လှန်လာအောင် ဒီလူရဲ့ဆံပင်ကို ဆွဲလှန်ပစ်လိုက်ပြီးမှ နမ်းပစ်လိုက်ချင်တာ...