မင်းကို မချစ်တော့ဘူးဆိုတာ ငါညာတာ-20
Gense: Urban, BL, Mafira, Romance.
Craetor- စွဲညို့
(ဖန်တီးမှုကို နှစ်သက်ပါက Like, Share, Comment ပေးပါရန်)
"ဒါဆိုရင် မင်း ငစစ်နဲ့ အရင်ဆုံး တိုင်ပင်သင့်တယ်လို့ပဲ ငါ ထင်တယ်"
ကျွန်တော် ခေါင်းမယမ်းနိုင် ခေါင်းမညိတ်နိုင်ဘဲ ငြိမ်ကျသွားတယ်။ ဦးစစ်ကို ဘယ်လို ထုတ်ပြောရမလဲ။
"ငစစ်ကို လျော့မတွက်နဲ့.."
သတိုးမင်းခါးက ခပ်တိုးတိုး သတိပေးစကားဆိုတယ်။ ဆေးလိပ်ဘူးကို ဖွင့်ကာ တစ်လိပ် ထုတ်သောက်လိုက်ပြီးမှ၊
"ဘာပဲ ပြောပြော ငါ့မှာ နှစ်ပတ်ပဲ အချိန်ရတယ်.. နှစ်ပတ်အတွင်း သူ့ကို ပြန်ခေါ်ပါ.."
သတိုးမင်းခါးက သူ့လူသူ ပြန်ခေါ်ခိုင်းနေတာ။
"မဟုတ်လည်း တောင်းလိုက်ပါလား.."
ဒါကတော့ ကျွန်တော်က သူ လုပ်လို့ ရနေတာကို မလုပ်လို့ ပြောလိုက်တဲ့စကား ဖြစ်တယ်။ တကယ်လို့သာ သတိုးမင်းခါးက ဦးစစ်ဆီမှာ စိုင်းလွန်းကို တောင်းလိုက်ပြီး စိုင်းလွန်းသာ လိုက်သွားမယ် ဆိုရင် ဒါက သတိုးမင်းခါးအတွက် ပြေလည်သွားမဲ့ ကိစ္စဖြစ်တယ်။
ဒါပေမဲ့ ဘာလို့လဲ မသိဘူး။ သတိုးမင်းခါးက အဲဒါကို မလုပ်ဘူး။ ဒါကြောင့် ပေါ်တင်မေးလိုက်တာ။ သတိုးမင်းခါးက နှုတ်ခမ်းပါးတွေထဲ ဆေးလိပ်ကို ထည့်လိုက်ပြီးတော့ မီးညှိတယ်။ ကျွန်တော့်ဘက်ကို ဆေးလိပ်ဘူး ချပေးပြီးတော့ မေးဆတ်တယ်။ မေးထားတာကို မဖြေသေးဘူး။
ကျွန်တော် အရင်ဘဝတုန်းက ဆေးလိပ်သောက်တယ်။ ဒါပေမဲ့ လက်ရှိမှာတော့ ဆေးလိပ်မသောက်တော့ဘူး။ ကျွန်တော် အသက်ရှည်ရှည် နေချင်သေးတယ်လေ။ အဲဒါနဲ့ပဲ သတိုးမင်းခါးကို ခေါင်းယမ်းပြတယ်။
"မင်း အများကြီး ပြောင်းလဲသွားတယ်.. ငစစ်တောင် မင်းကို တော်တော်လေး တွေးနေလောက်ပြီ"
ဒါကလည်း သတိပေးစကားတစ်ခုပဲ။ ကျေးဇူးတောင် တင်ရအုံးမယ်။ ဒါပေမဲ့ ဒီစကားအတွက် ကျေးဇူးမတင်နိုင်ဘဲ ရင်ထဲမှာ နင်သွားတယ်။ သတိုးမင်းခါး ပြောချင်တာက ဦးစစ်က ကျွန်တော့်ကို သတိထားမိနေပြီ ဆိုတာဖြစ်တယ်။
ကျွန်တော် အသာအယာ ခေါင်းညိတ်လိုက်ပေမဲ့ ဘာမှတော့ ပြန်မပြောမိဘူး။
"ငါ လုပ်နိုင်တယ် ဒါပေမဲ့ တစ်ဘဝလုံးစာလား ဆိုတာ မသေချာသေးဘူး.. တစ်ခါတလေမှာ လုပ်နိုင်လို့ လုပ်လိုက်တာ ကောင်းပေမဲ့ တစ်ဘဝစာ တာဝန်မယူနိုင်သေးဘူးဆိုရင် သူ့အတိုင်း သူ့အတိုင်း ထားလိုက်တာက ပိုကောင်းပါတယ် အနည်းဆုံးတော့ ကိုယ့်ကြောင့်မို့ အနေအထားတစ်ခု မပျက်ယွင်းသွားဘူးပေါ့.."
သတိုးမင်းခါးက ဆေးလိပ်ငွေ့တွေကို မှုတ်ထုတ်လိုက်ပြီးတော့ ဆိုတယ်။
"သူ့အတိုင်းနဲ့သူ ဆိုတာက ဘာလဲ ခင်ဗျားက စိုင်းလွန်းကို တာဝန်မယူနိုင်ဘူးလို့ ပြောနေတာလား.."
"သူက ငါ တာဝန်ယူဖို့ မလိုတဲ့သူပါ ငါကလည်း တာဝန်မယူနိုင်တဲ့သူ ငါတို့နှစ်ယောက် လိုက်ဖက်တယ် မထင်ဘူးလား"
ဘောကို လိုက်ဖက်။ တွေးမိပေမဲ့ ထုတ်ပြောဖို့အထိကျတော့..။
သတိုးမင်းခါးက ဆေးလိပ်ကို ခပ်ဖွဖွ ရှိုက်ပြီးတော့ ယဲ့ယဲ့ပြုံးတယ်။
"တကယ်လို့ ငါက သူ့ထက်စောပြီး သေသွားခဲ့မယ် ဆိုရင် သူက ဒီအတိုင်းလေး ကျန်နေခဲ့တာက အကောင်းဆုံး မဟုတ်လား.."
"စောပြီးသေမယ်.. ခင်ဗျားနောက်နေတာပဲ"
ဟုတ်တယ်လေ။ အားလုံးထဲမှာ အလျင်ဆုံး အမြန်ဆုံး သူက စောသေမယ် ပြောတော့ ရယ်ဖို့သိပ်ကောင်း။
"ဘာမှမသိတာ ကောင်းတယ်လို့ ခင်ဗျားရော ဦးစစ်ရော ပြောတတ်တယ်.. ဒါပေမဲ့ ဘာမှမသိတာက တကယ်ပဲ ကောင်းလို့လား.."
"တစ်ခုခု ကြိုသိနေတာကရော တကယ်ပဲ ကောင်းလို့လား.."
ကျွန်တော်မေးလိုက်တာက သတိုးမင်းခါးက မျက်လုံးလှန်ကြည့်ပြီးတော့ ပြန်မေးလာတယ်။
"တစ်ခုခု ကြိုသိနေတော့ အနည်းဆုံးတော့ တစ်ခုခုကို ကြိုပြီး လုပ်နိုင်တယ်လေ.. ဘာမှမသိထားတော့ ဘယ်သူက ဆိုးတယ် ဘယ်သူက ကောင်းတယ် ဆိုတာကို ကြိုမသိထားဘူးဆိုရင်.. ဆုံးဖြတ်ချက်တွေ မှားနိုင်တယ် မဟုတ်လား ပြီးတော့ ဆုံးဖြတ်ချက်တွေ လုပ်ဆောင်ချက်တွေ နောက်ကျနိုင်တယ်.."
ကျွန်တော်ပြောချလိုက်တော့ သတိုးမင်းခါးသာမက သောကကပါ ကျွန်တော့်ကို စိုက်ကြည့်လာတယ်။
"မင်းက ငါ့ထက် တစ်လပဲ ကြီးတာပါ ဒါကို အများကြီး အသက်ကွာနေသလို ဟန်မဆောင်စမ်းနဲ့"
သောကက မခံစားနိုင်သလို ထုတ်ပြောလာတယ်။ ကျွန်တော်ကတော့ သောကကို ပခုံးသာ အသာတွန့်ပြလိုက်မိတယ်။
"အင်း.. ငါက ဟန်မဆောင်ပါဘူး မင်းသာ ဟန်မဆောင်ဖို့ လိုတာ.. မင်း တကယ်ပဲ ပန်းသည်ကို လက်လွတ်နိုင်မှာ မို့လို့လား သတိသာ ထားစမ်းပါ ပန်းသည်ကို အကြမ်းပတမ်းတွေ သွားမလုပ်မိစေနဲ့ သူက ဦးစစ်ရဲ့သူငယ်ချင်းနော်.."
သောကက ရှက်ကိုးရှက်ကန်းနဲ့ ပြောလာတယ်။
"ငါ ဘယ်မှာ အကြမ်းပတမ်း လုပ်မိလို့လဲ ငါ ဘာမှတောင် မလုပ်ရသေးဘူး.."
သောကက ပြောနေရင်းက ခေါင်းငုံ့သွားတယ်။ သတိုးမင်းခါးကတော့ သောကကို ဖြတ်ခနဲ တစ်ချက် လှည့်ကြည့်လိုက်ပြီးတော့ သူ့ဆေးလိပ်ဘူးကို သူ့ဖာသာ လှမ်းဆွဲယူတယ်။ ကုန်သွားတဲ့ ဆေးလိပ်ကို ပြာခွက်ထဲ ထိုးချလိုက်ပြီးတော့မှ နောက်ထပ် တစ်လိပ် ထပ်ယူတယ်။
"မင်း မင်းညိုကို သဘောကျရင် နောက်ကျမှ တစ်ခုခု မကောင်းတာ မလုပ်ဘဲနဲ့ မင်းရဲ့ခံစားချက်ကို ထုတ်ပြောသင့်တယ် မဟုတ်ရင် နောက်ပိုင်းကျ မျက်နှာပျက်စရာတွေ ဖြစ်ကုန်မယ်"
သတိုးမင်းခါးကပါ သောကကို လှမ်းသတိပေးတယ်။ ကျွန်တော်တောင်မှ သတိုးမင်းခါးရဲ့စကားကြောင့် တအံ့တသြ ဖြစ်သွားတယ်။ ဘယ်လိုက ဘယ်လို ဒီလိုမျိုး သိနေရတာလဲ။
"မင်းတို့ ဘယ်လို သိနေတာလဲ"
သောကက တအံ့တသြ လှမ်းမေးလာတော့ ကျွန်တော်နဲ့ သတိုးမင်းခါးက အချင်းချင်း ကြည့်လိုက်မိကြတယ်။ ပြီးတော့ ကျွန်တော်က ထုတ်မေးလိုက်မိတယ်။
"ခင်ဗျား ဘယ်လို သိနေတာလဲ"
"မင်း သိနေသလိုပဲ"
မဖြစ်နိုင်တာ။ ကျွန်တော်က အရင်ဘဝတုန်းက သိခဲ့ဖူးတာကို။
သတိုးမင်းခါးက ကျွန်တော် အကဲခတ်နိုင်တယ်လို့ပဲ ထင်တာ ထင်ပါရဲ့။ အေးပေါ့ ထုတ်မှ မပြောနိုင်တာကို ခေါင်းမခါ ခေါင်းမညိတ်ရုံပေါ့။
"မင်းညိုက စေ့စပ်ထားတဲ့ ကောင်မလေး ရှိတယ်။ မင်း အဲဒါကို သေချာမကိုင်တွယ်ရင် နောက်မှ မင်းနောင်တ ရလိမ့်မယ်.."
သောကက ချက်ချင်း ပြန်ငိုင်သွားပြီးတော့ ဆိုလာတယ်။
"သူက ကလပ်ကို မလာတော့ဘူးတဲ့ ငါတို့ တွေ့တာ များနေပြီလို့ ပြောတယ် ပြီးတော့.. သူ ငါ့ကို အဆက်အသွယ် ဖြတ်ချင်နေတာ.."
"အို.."
ဟုတ်တာပေါ့။ ပန်းသည်ကတော့ ပန်းသည်ပါပဲ။ သူ ဒီအတိုင်းကို လုပ်မှာပဲလေ။ မဖြစ်သင့်ဘူး။ ဒါကြီးက ဒီလိုကို မဖြစ်ရမှာ။ စသဖြင့် အဲဒီလိုမျိုး ပန်းသည်..။
"သူက မလာရင် မင်းက သွားပေါ့ ခက်တာမှတ်လို့.."
သောကက ခေါင်းညိတ်တယ်။
"ငါ သွားတယ် ဒါပေမဲ့ သူက ဒီနေ့ပဲ ပြောလာတယ်။ မလာနဲ့တော့တဲ့.."
သောကက ပြောနေရင်းကနေ ချက်ချင်းပဲ ငိုချလိုက်တော့မလို ဖြစ်သွားတယ်။
အေးပေါ့။ တကယ်လို့ ဦးစစ်ကသာ ကျွန်တော့်ကို သူနဲ့ မတွေ့ခိုင်းတော့ရင်.. ဦးစစ် ရှိနေတဲ့ နေရာကို ကျွန်တော်က မသိရတော့ရင် ပြီးတော့.. ဦးစစ်ရဲ့ တည်ရှိမှုကို ကျွန်တော် မခံစားရတော့ရင်.. ဦးစစ်သာ ကျွန်တော့်ဘဝထဲကနေ အမှန်တကယ် ပျောက်ကွယ်သွားရမယ် ဆိုရင်..၊ ကျွန်တော် အထိတ်တလန့် ဖြစ်သွားမိတယ်။
ကျွန်တော် အဲလိုကျရင် ဘယ်လို လုပ်ရမလဲ။ ကျွန်တော် လက်ခံနိုင်မှာ မဟုတ်ဘူး။ အဲဒီအစား ကျွန်တော်က ပျောက်ကွယ်သွားတာကမှ ပိုကောင်းအုံးမယ်။
သောကကို ငေးကြည့်နေရင်းက ကျွန်တော် နည်းနည်းတော့ စာနာသွားမိတယ်။ စာနာတာက စာနာတာ ပေမဲ့ မလုပ်သင့်တာကိုတော့ မလုပ်ဖို့ ပြောရအုံးမှာပဲ ဖြစ်တယ်။
"မင်း အကြမ်းမဖက်နဲ့"
သတိုးမင်းခါးက ကျွန်တော့်ကို မျက်မှောင်ကြုတ်ပြီး ကြည့်တယ်။ ဒါပေမဲ့ ဘာမှ မပြောဘူး။ ဆေးလိပ်အသစ်ကို ထုတ်လိုက်ပြီးတော့ မီးညှိနေတယ်။
သောကက ကျွန်တော့်ကို မျက်မှောင်ကြုတ်ပြီးတော့ ကြည့်လာတယ်။ ပြီးတော့ ထုတ်မေးတယ်။
"တကယ်လို့ သူက ငါ့ဆီကနေ ထွက်ပြေးသွားမယ် ဆိုရင်ရော.."
"ထွက်မပြေးရင် မင်းက သူ့စိတ်ကို ရအောင်ယူပေါ့ မဟုတ်သေးရင် မင်းကို သူ မငြင်းနိုင်အောင် မင်းက ကောင်းတယ် ဆိုတာကို ပြသပေးတာမျိုး ဖြစ်ဖြစ်ပေါ့.."
ကျွန်တော် ဘာလို့ ဒီလိုစကားမျိုး ပြောပေးနေရတာလဲ ဆိုရင် ကျွန်တော့်ညီ.. အဟမ်း ကျွန်တော့်အစ်ကိုပေါ့..။ သူက ပန်းသည်နဲ့ ယူပြီးနောက်ပိုင်းမှာ သူ လုပ်ခဲ့တာတွေကို နောင်တရတယ်။ ပန်းသည်က ညတိုင်း အမှောင်ခန်းထဲမှာ ထည့်ထားခံရတယ်လို့ အိပ်မက်ဆိုးမက်လေ့ ရှိတာရော။ ပြီးတော့ မီးမှောင်နေတာကို ကြောက်လန့်တာရော။ သံထည်အချင်းချင်း ထိခတ်သံတွေ ကြားရင် တုန်ယင်လောက်အောင် ကြောက်လန့်တာရော..။ နောက်ပိုင်းမှာ သူက အဲဒါတွေကို ခံစားရတယ်။
သောကက ပန်းသည်ကို တောင်းပန်စကားပဲ ဆိုနိုင်ပေမဲ့ ပန်းသည်ကလည်း သောကကို အပြစ်မတင်ခဲ့ပေမဲ့ ဖြစ်ပြီးခဲ့တဲ့ အရာတွေကို သောကက တော်တော်ကြီးကို နောင်တရတယ်။ တစ်ခါတလေ ပန်းသည်ကို မတွေ့ရဲလောက်တဲ့အထိ သူ သနားနေတတ်ပြီးတော့ ရူးမလောက် ပွေ့ဖက်ချင်နေရင်တောင်မှ သူက သူ့လက်သီးသူ ဆုပ်ပြီးတော့ အံကြိတ်ငေးနေတတ်တာ။
ကျွန်တော် သောကကို ဒီလို အခြေအနေမျိုး မဖြစ်စေချင်ဘူး။ တချို့အရာတွေက ကိုယ်တိုင် မတားဆီးပေးနိုင်ရင်တောင် သတိပေးစကားလောက် ပြောပေးတာကလည်း အကျိုးသက်ရောက်မှု ရှိသွားကောင်း ရှိသွားစေနိုင်တာပါပဲ။
"အင်း ငါ နားလည်ပြီ"
သောကက ဘာတွေ နားလည်သွားတာလဲတော့ မသိဘူး။ သူက ထထွက်သွားတယ်။ ကျွန်တော်နဲ့ သတိုးမင်းခါးပဲ ထိုင်နေရာကနေ ကျနေခဲ့တယ်။
သတိုးမင်းခါးက ဆေးလိပ်ထိုင်သောက်နေတာ သုံးလိပ်ရှိပြီ။ ကုန်သွားရင်လည်း ထပ်သောက်ဖို့ ရည်ရွယ်ချက် ရှိသေးပုံပဲ။ သူ ပြောနေတဲ့ နှစ်ပတ်အတွင်း စိုင်းလွန်းကို ပြန်ခေါ်ပေးမယ်လို့ ကတိမပေးလိုက်မချင်း ထမယ့်ပုံလည်း မပေါ်ဘူး။
"ပြန်ခေါ်ပေးမယ်.. ပြန်ခေါ်ပေးမယ်.. ခင်ဗျား သွားလို့ရပြီ"
ကျွန်တော် ပြောလိုက်တော့မှ သတိုးမင်းခါးက ဆေးလိပ်ဘူးနဲ့ မီးခြစ်ကို ကောက်သိမ်းလိုက်တယ်။
ကျွန်တော့်ကို စိုက်ကြည့်နေပြီးတော့မှ၊
"ဦးလွမ်းကဋေကိစ္စကို မင်း ဝင်မပါနဲ့ ငါ ကိုင်တွယ်ပေးမယ်.. ငစစ်ကလည်း မင်းထင်နေသလို ဘာမှမသိတာ မဟုတ်ဘူး၊ ယုံကြည်မှုတွေကို ဆုပ်ကိုင်ထားသေးလို့ သူ မမြင်နိုင်ဘူး ဖြစ်နေရုံလေးတင်ပါ.."
သတိုးမင်းခါးက ထရပ်လိုက်ပြီးတော့ ကျွန်တော့်ကို စိုက်ကြည့်တယ်။ ပြီးတော့ ကျွန်တော်ကြားရုံလေး ရေရွတ်ပြောလိုက်တယ်။
"မင်း.. တစ်ခါသေပြီးတာတောင်မှ မမှတ်သေးဘူးပဲ"
ဒိန်းခနဲ ကျွန်တော့်ရင်ခုန်သံက တရားလွန်ဆောင့်တိုးသွားတယ်။ ကျွန်တော် နားကြားမှားသွားတာလား။ မဟုတ်ဘူး မဟုတ်လား။
....
YOU ARE READING
မင်းကို မချစ်တော့ဘူး ဆိုတာ ငါညာတာ/မင္းကို မခ်စ္ေတာ့ဘူး ဆိုတာ ငါညာတာ
Romanceလူဆိုးလေးတစ်ယောက်ရဲ့ မျိုသိပ်နိုင်မှု။ "ဦးစစ် ကျွန်တော့်ကို မယုံဘူး ဆိုရင် ဘာလို့ အနားကို ပြန်လာခဲ့ပါလို့ ပြောခဲ့သေးလဲ" အမှန်အတိုင်း ပြောရရင် အခုအချိန်မှာ ကျွန်တော်က သူ့ခေါင်း မော့လှန်လာအောင် ဒီလူရဲ့ဆံပင်ကို ဆွဲလှန်ပစ်လိုက်ပြီးမှ နမ်းပစ်လိုက်ချင်တာ...