"လူငယ် စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်အဖြစ် အောင်မြင်နေသော ရှိန်းဆက်ထင် တဲ့ တော်လိုက်တာ"
"အဲ့ဒါ ဘယ်သူလဲ မေမေ"
နွေဦးက လက်ထဲမှ စားလက်စမုန့်ကို ပါးစပ်ထဲ ထည့်လိုက်ရင်း မေမေ့ကို လှမ်းမေးသည်။ မေမေက သူမမေးတာကို မဖြေပဲ ဂျာနယ်ကိုသာ အာရုံစိုက်နေ၏။
"မေမေတို့များ ကိုယ့်သမီးလေး မေးနေတာကို အရေးမလုပ်ဘူး"
"ရော့ သိချင်ရင် လာဖတ်"
မေမေက ဂျာနယ်ကို လှမ်းပေးပြီး မီးဖိုခန်းထဲ ဝင်သွားသည်။ သူမက မျက်မှောင်ကြုံ့ရင်း ဂျာနယ်ကို ဖတ်ရန် ပြင်လိုက်၏။
"ဟေ့ ဘာတွေဖတ်နေတာလဲ"
အသံနှင့်အတူ သူမ ပုခုံးကို ပုတ်လိုက်ရင်း မာန်က သူမဘေး ဝင်ထိုင်သည်။
"ဘာလာလုပ်တာလဲ"
"နင့်ဆီလာတာ မဟုတ်ပါဘူး အန်တီ့ဆီလာလည်တာ အန်တီဘယ်မှာလဲ"
"မီးဖိုခန်းထဲမှာ"
မာန်က သူမပါးကို ဆွဲညစ်ကာ မီးဖိုခန်းထဲ ဝင်ပြေးသွားသည်။
"အား....ကောင်စုတ်"
သူမ လှမ်းအော်ပြီး ဂျာနယ်ကို ဖတ်ရန်ပြင်လိုက်ပြန်သည်။
"ဟင်...ချောလိုက်တာ"
သူမနှုတ်ခမ်းက ရုတ်တရက်ထွက်သွားမိသည်။ ဂျာနယ်၏ မျက်နှာဖုံးတွင်ပါလာသော ထိုသူကို တော်တော်ကြာ ငေးစိုက်ကြည့်နေမိ၏။ တည်ကြည်ခန့်ညားသော မျက်နှာသွင်ပြင်ဆီမှ သူမ အကြည့်တို့မခွာနိုင်ဖြစ်နေသည်။
"ဟဲ့..ဘာတွေငေးနေပြန်တာလဲ"
ရုတ်တရက် အော်လိုက်သံကြောင့် သတိပြန်ဝင်လာကာ ဂျာနယ်ကို လွှတ်ချမိလိုက်၏။
"အန်တီခေါ်နေတာကြာပြီ နင် ဘာတွေငေးနေတာလဲ"
"ဘာ..ဘာမှမငေးပါဘူး ဘာပြောမလို့လဲ မေမေ"
"ထမင်းစားရအောင်လို့ ပြောမလို့လေ"
"ဟုတ် မေမေ လာပြီ နေပါဦး နင်က မပြန်သေးဘူးလား"
မာန့်ကိုကြည့်ရင်း သူမစူပုတ်ကာပြောတော့
"မပြန်ပါဘူး ဒီမှာ ထမင်းစားသွားမှာ အိမ်နဲ့စကားများလာလို့ ဘာမှမစားခဲ့ရဘူး"
"နင့်ကို ဘယ်သူက ကျွေးမယ်ပြောလို့လဲ"
"နင်မကျွေးလဲ အန်တီက ကျွေးမှာပေါ့ နော် အန်တီ"
"ကဲ...တော်ပြီ စကားများမနေနဲ့တော့"
မေမေက ဝင်ပြောတော့ မာန်က သူမကို လျှာထုတ်ပြပြီး မီးဖိုခန်းထဲ ဝင်သွားခဲ့သည်။ သူမက လက်ထဲမှာ ဖွက်ထားသော ဂျာနယ်မှ စက္ကူအပိုင်းအစလေးကို အင်္ကျီအိတ်ထဲထည့်လိုက်ပြီး မေမေတို့နောက်မှ လိုက်ဝင်ခဲ့၏။
_____________________________________"အချိန်ပေးပြီး ဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ် ကိုရှိန်းဆက်ထင်"
"ဟုတ်ကဲ့"
အင်တာဗျူးပြီးတာနဲ့ သူက နေရာမှ ချက်ချင်းထရပ်လိုက်သည်။
"ပြန်တော့မလို့လား ကိုရှိန်းဆက်ထင်"
"ဟုတ်ကဲ့"
"အချိန်ရရင် မုန်းနဲ့ ကော်ဖီတစ်ခွက်လောက် သောက်ပါလား"
ပြုံးရွှင်ချိုသာစွာပြောနေသော ထိုသတင်းထောက်မိန်းကလေးကို သူမျက်မှောင်ကြုံ့ကာ ကြည့်လိုက်ပြီး....
"sorry ကျွန်တော် မအားလို့ပါ ခွင့်ပြုပါဦး"
အပြုံးလှလှလေးနှင့်မျက်နှာက ချက်ချင်းပင် တင်းမာသွားခဲ့သည်။ အေးစက်ပြတ်သားစွာ ပြောပြီး ထွက်သွားသော သူ့ကျောပြင်ကို ငေးရင်း မုန်း အံကြိတ်မိသည်။
"ဟေ့ မုန်း...ဘယ်လိုလဲ"
အဆင်ပြေလား ဟုသော ပုံစံနှင့် မေးငေါ့ကာ မေးနေသောသူကို မျက်စောင်းထိုးရင်း လှည့်ထွက်လာခဲ့သည်။ ထိုမေးခွန်းက သူမကို လှောင်နေသလို...။
ကိုယ့်ဘက်က ရေလာမြောင်းပေးသလောက် ထင်တာထက်ပိုအေးစက်လွန်းနေသော သူက ဂရုတောင် မစိုက်ခဲ့...။ မုန်းက သူ့နားကပ်ချင်တဲ့ သာမန် မိန်းကလေးတွေလို မဟုတ်။ သူ့ဘေးနားမှာ မုန်းအတွက်နေရာတစ်ခု ရချင်တာဖြစ်သည်။ အဲ့လိုဖြစ်လာအောင်လဲ မုန်း မဖြစ်ဖြစ်အောင် ဖန်တီးနေသည်။
သူကတော့ မုန်းကို သာမန် အင်တာဗျူးချင်ရုံသာရှိတဲ့ သတင်းထောက်တစ်ယောက်ဟုသာ ထင်ပုံရသည်။ သို့သော်လည်း ကိစ္စမရှိ...။ ဖြစ်ချင်တာ ဖြစ်ရဖို့ စိတ်ရှည်သည်းခံရမည် မဟုတ်လား...။
________________________________

YOU ARE READING
တိတ်တခိုး ချစ်ရသော....❤️
Romanceတစ်နိုင်ငံလုံးမှာသာမက ပြည်ပအထိ ထူးချွန်အောင်မြင်တဲ့ လူငယ်စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်၊ အလုပ်ကလွဲပြီး ကျန်တာ စိတ်မဝင်စား၊ အမြဲအေးတိအေးစက်နေတတ်တဲ့ ရှိန်း....❤️ ဂျာနယ်ထဲကတစ်ဆင့် အမှတ်မထင်တွေ့ပြီး ရှိန်းကို စိတ်ဝင်စားသွားတဲ့ သာမန်တက္ကသိုလ်ကျောင်းသူလေး...