Part-1 🤍

19.7K 307 9
                                    

"နွေဦး...နွေဦးမ"

"..........."

"မိနွေဦး"

"ဘာလဲ အော်ကြီးဟစ်ကျယ်နဲ့ သူများအိမ်ထဲကို"

"အောင်မာ...သွားစရာရှိတယ် လိုက်ပို့ဦးဆိုလို့ လာရသေးတယ် အော်လားဟောက်လားနဲ့ မသွားလဲနေ ငါပြန်မယ်"

"ဟာ စတာကို နင်ကလဲ ဟိဟိ ခဏစောင့် အဝတ်အစားလဲပြီး လာခဲ့မယ်"

မာန့်ကို မျက်နှာချိုသွေးရင်း နွေဦး အပေါ်ကိုပြေးတက်သွားသည်။ ၁၀မိနစ်လောက်ကြာတော့ သူမပြန်ဆင်းလာသည်။

ဒူးဖုံးရုံလောက် ဂါဝန်အပြာနုရောင်လေးက ဝင်းဝါသော အသားအရည်နှင့် လိုက်ဖက်နေ​၏။ အရပ်က ၅'၅" လောက်ရှိသည်မို့ မနိမ့်လွန်း မမြင့်လွန်း...။ အထူးခြားဆုံးက မျက်ဝန်းနက်နက်တွေနှင့် မျက်တောင်ရှည်တွေပင်။ အရောင်သိပ်တင်စရာမလိုတဲ့ နှုတ်ခမ်းလေးတွေ ပြုံးလိုက်တိုင်း မျက်လုံးလေးတွေက လခြမ်းကွေး သဏ္ဌာန်ဖြစ်သွားတတ်သည်။

သူမက မီးဖိုခန်းထဲက မေမေ့ကို နှုတ်ဆက်ပြီး မာန့်ကားပေါ်ပြေးတက်သွား​၏။

"ဘယ်သွားမှာလဲ ဘယ်ကိုလိုက်ပို့ရမှာလဲ"

"မသိဘူးလေ"

"ဘာ...နင်ပဲ သွားစရာရှိတယ်ဆိုလို့ ဟိုကောင်တွေနဲ့ ချိန်းထားတာတောင် ဖျက်လာခဲ့တာ ရူးကြောင်ကြောင်မလုပ်နဲ့နော် နွေဦးမ"

"အင်း...မနေ့ကတော့ သွားစရာရှိတာပဲ ဒီနေ့တော့ မရှိတော့ဘူး အိမ်မှာနေရတာပျင်းလို့ ထွက်လာတာ နင်သွားစရာရှိတာ သွားလေ ငါလိုက်ခဲ့မယ်"

မျက်နှာတည်ကြီးနဲ့ ပြောနေသော နွေဦးကို ကြည့်ပြီး မာန် စိတ်တိုသွားသည်။ ဘာမှမပြောတော့ပဲ ကားကိုသာ ဆက်မောင်းရင်း စိတ်ထဲကနေ ကျိန်ဆဲနေမိ​၏။

"အရူးမ အရှုပ်ထုတ်မ"

တော်တော်ကြာတဲ့အထိ မာန်က စကားမပြောပဲနေသည်မို့ သူမ ကိုယ့်အပြစ်ကို သိသလိုနှင့်...

"မာန်..."

"........"

"မာန် လို့"

"ဘာလဲ...ပြော"

"စိတ်ဆိုးတာလား"

"နင် ဘာမှမပြောပဲ ငြိမ်ငြိမ်လေးနေပေး ဟုတ်ပြီလား"

တိတ်တခိုး ချစ်ရသော....❤️ Tempat cerita menjadi hidup. Temukan sekarang