လမ်းကြုံလိုက်လာတယ် (၁)

87 3 0
                                    

လမ်းကြုံလိုက်လာတယ် (၁)

2005 ခုနှစ် ဆောင်းမနက်ခင်းကပါ။
မန္တလေးကိုသွားခဲ့တုန်းက အဖြစ်အပျက်ပေါ့။ ပြန်တွေးတိုင်း ကျောချမ်းဆဲ။
အဲ့ဒီတုန်းက အခုလို လိုင်းကားတွေ၊ဇိမ်ခံကား‌တွေ မပေါသေဘူး။ မန္တလေး ရွှေဘို ပြေးဆွဲတဲ့ရန်ကြီးအောင်မန်း၊အောင်ရတနာ တို့တော့ ရှိတယ်။ ဒါပေမဲ့ တစ်ရက်ကို စီး‌ရေနည်းနည်းပဲ ပြေးဆွဲတဲ့ခေတ်ပေါ့။ မနက်လေးနာရီအလှည့်ကျတဲ့ကားက ရွှေဘိုကနေ စတင်ထွက်ခွာရင် ‌လေးနာရီခွဲလောက်ဆို ရွာရောက်ပြီ။‌ရွှေဘိုနဲ့ကျီးကန်ရွာက တစ်ဆယ့်လေးမိုင်ဝေးတယ်။ ကျွန်တော့်အကျင့်က ခရီးတိုဆို ကြိုတင်လက်မှတ်ဖြတ်တာတွေ မရှိဘူး။ ကြုံတဲ့ကား လက်ပြတားစီးတာပဲ။ ကျွန်တော်က စိတ်စောတတ်လေတော့ သုံးနာရီခွဲလောက် ကားလမ်းကို ကြိုရောက်တာပေါ့။ ရောက်လို့မှ မကြာပါဘူး  အဲ့ဒီခေတ်ကအညာမှာရှားပါးတဲ့ လိုက်ထရပ်ကားတစ်စီးထိုးရပ်ကာ
"ညီလေး ဘယ်သွားမလို့လဲ ခရီးတူရင်လိုက်ခဲ့လေ"
လို့ ခေါ်တယ်။
ပျော်တာပေါ့။ လိုင်းကားစီးရင် ထိုင်ခုံရချင်မှရတာ။ ကြားခုံထိုင်ရတဲ့ ဒုက္ခကလည်း နည်းတာမှမဟုတ်တာ။ ရေကန်အသင့်၊ ကြာအသင့် ။
"မန္တလေးသွားမလို့အကို "
"အေး  အစ်ကိုလည်း မန္တလေးပဲ လာငါ့ညီ ကားပေါ်တက် "
ကားခေါင်းတံခါးကိုဖွင့်ပေးတယ်။
ကြည့်လိုက်တော့ စောစာကအစ်ကို့‌ဘေးမှာလူတစ်ယာက် ထိုင်နေတယ်။ခပ်ပျပျကားမီး‌ရောင်‌အောက်က‌နေ သူကပြုံးပြတယ်။သူ့ ကို ပြန် ပြုံးပြရင်း သုံးယောက်ဆိုအနေကြပ်မှာကြောင့်

"‌ရတယ် နောက်ကပဲ လိုက်ခဲ့မယ်အစ်ကိုတို့"
"ငါ့ညီ နောက်က အေးမယ်နာ်  "
"ဟုတ်ကဲ့ပါ အစ်ကို ရတယ် နောက်ကပဲလိုက်တော့မယ်"
လို့ ပြန်ဖြေကာ ကားပေါ်တက်တော့ လူသုံးယောက်ရှိနှင့်နေတယ်။ အမျိုးသားတစ်ယောက်၊အမျိုးသမီးတစ်ယောက်နဲ့ ကလေးတစ်ယောက်။သူတို့က နေရာပေးရင်း ခရီးဖော်အချင်းချင်း လောကွတ်ပြုပါတယ်။

"လာ လာ  ဒီနားထိုင် "
"ရပြီလားညီ မောင်းတော့မယ်"
ကားသမားနဲ့ ခရီးဖော်တွေရဲ့ တပြိုင်တည်း စကားကို
"ဟုတ် ရတယ် ရပြီဗျ"
လို့ ပေါင်းဖြေလိုက်တယ်။
...........................................................
ဆောင်းအာရုဏ်ဦးရဲ့ မြင်ကွင်းက အရာရာမပီဝိုးတဝါး။
ညလက်ကျန်အ‌မှောင်ထုက ရောက်လာမယ့်မနက်ခင်းကို မချိမဆန့်မနိုင်မနင်း ဝါးမျိုဆဲပါပဲ။
ရိတ်ခနဲရိတ်ခနဲကျန်ရစ်ခဲ့တဲ့ လမ်းဘေးဝဲယာက အပင်တွေ၊အိမ်တွေလည်း မပီဝိုးတဝါး။ အလင်းအမှောင်တိုက်ပွဲမှာ
နှင်းတို့က အမှောင်ရဲ့ တပ်ကူထင်ပါရဲ့။အရာရာဟာ နှင်းတွေအုံ့ဆိုင်းသိုင်းခြုံထားတယ်။ မကြာမီရောက်လာမဲ့ သူရိန်နေမင်းကို ပူးပေါင်းတိုက်စစ်ဆင်နေကြလေရဲ့။  အအေးဓာတ်ကရိုးတွင်းချဉ်ဆီထိ စိမ့်ဝင်တိုးဖောက်နေသယောင်။
"အင်း....."
ဖြေးဖြေးတွဲတွဲကြီး ညည်းသံရှည်ကြားရတယ်။ ညည်းသံကြီးက စိတ်မသန့်စရာမို့ ကျောချမ်းသွားတယ်။သူတို့ကြိုကည့်လိုက်တော့ သူတို့မညည်းခဲ့သလို။
ကလေးလား လူကြီးနှစ်ယောက်ရဲ့ ညည်းသံလား မသဲကွဲ။
"အင်း  .. ဟီး.. ဟီး..."
ညည်းသံက ပိုကျယ်လာသလို ပိုလို့ နားမချမ်းသာစရာ။
ချမ်းလို့ ညည်းရှာတယ်ထင်ပါရဲ့။
"အစ်ကိုတို့ တအားချမ်းနေပြီထင်တယ် ညည်းနေပုံထောက်တော့"
ဘာရယ်မဟုတ်ပါဘူး သူတို့ကိုမေးမိတယ်။
သူတို့က ပြန်မဖြေကြဘူး။
အမျိုးသမီးရဲ့ ရှိုက်သံ တစ်ချက် ကြားလိုက်ပြန်တယ်။
"စိတ်မပူပါနဲ့ကွာ ရောက်တော့မှာပါ "
အမျိုးသားက ရှိုက်နေတဲ့အမျိုးသမီးရဲ့ ပခုံးကို ကိုင်ကာအားပေးနေတယ်။လင်မယားထင်ပါရဲ့။
ကားတစ်စီး တိမ်းရှောင်သွားတယ်။ အဲ့ဒီကားရဲ့မီးရောင်က ကျွန်တော်တို့ကားအပေါ်ဖြာကြလာတယ်။
သူတို့ကို အမှတ်တမဲ့ပုံစံမျိုးနဲ့ သေချာကြည့်လိုက်တယ်။
စပ်စုတယ်ဆိုပါတော့။အသက် လေးဆယ်ဝန်ကျင်အရွယ်တွေ။အမျိုးသမီးရဲ့ရင်ခွင်ထဲမှာ ခြောက်နှစ်အရွယ်လောက် ကလေးမလေးက ဝေဒနာတစ်ခုခုကိုခံစားနေရသလို လွန်းလွန့်နေတယ်။
အဲ့ဒီကလေးရဲ့ သွားကြိပ်သံက အရွယ်နဲ့မလိုက်အောင် ကြောက်စရာကောင်းနေတယ်။
"ဆေးရုံမရောက်သေးဘူးလား ကြာလိုက်တာ"
အမျိုးသမီးက သူ့ယောက်ကျားကို စိတ်မရှည်ဟန်မေးတယ်။
"ရောက်တော့မှာပါကွာ "
သူတို့စကားအသွားအလာအရ ဆေးရုံသွားမယ်ဆိုတာ
သိရတယ်။ ဖျားနာသူကလေးမလေးရဲ့ အကြည့်ကလူမမာမျက်လုံးနဲ့မတူပဲ သတ္တဝါတစ်ကောင်လို စူးရဲတောက်ပနေပြန်တယ်။
"မကြည့်ရဘူးလေ သမီးလေးအိပ်တော့"
မိခင်က သူမမျက်လုံးကိုလက်နဲ့အုပ်ချလိုက်တယ်။
ရုတ်တရက်ကားရပ်သွားလို့ ပတ်ဝန်ကျင်ကို ကြည့်မိတော့.....

ဆက်ရန်...

ဆက်ရန်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
လမ်းကြုံလိုက်လာတယ်Where stories live. Discover now