လမ်းကြုံလိုက်လာတယ်(၁၆)

5 2 2
                                    

လမ်းကြုံလိုက်လာတယ်(၁၆)*

သီရိမြိုင် အအိပ်ပျက် အစားပျက်ဖြစ်သည်မှာကြာချေပြီ။
သူမ၏ မကောင်းမှုလုပ်ရပ်များက အရိပ်ပမာ
တကောက်ကောက်လိုက်နေလေပြီ။

"နီလာ နင့် အငြိုးကြီးလှချေလား ငါ့ ကို
ခွင့်လွှတ်ပါတော့ဟာ "
ထိုသို့ ရေရွတ်ရင်း နီလာပါသည့်အတိတ်ကို
ပြန်ရောက်သည်မှာ မကြာခဏပင်။

"နီလာ "
"ဟုတ် မမလေး"
"ငါနဲ့ ဆိပ်ခွန်ခဏလိုက်ခဲ့အုံး "
သီရိမြိုင်နှင့်နီလာ အသက်တူဖြစ်သော်လည်း
အလုပ်ရှင်နဲ့ အလုပ်သမားဆက်ဆံရေးအရ
နီလာက သီရိမြိုင်ကို မမလေး ဟု ခေါ်ရသည်။
အပေးအယူတည့်ပြီးနောက် သူမတို့နှစ်ယောက်တပူးတွဲတွဲဖြစ်နေသည်။
သီရိသွားလေရာ နီလာလိုက်ပါရစမြဲ။
စက်ထဲမှလူများပင် နီလာ့ကို အားကျလာရသည်။
"မိနီလာတို့များ သူဌေးမကိုယ်ရံတော် ဖြစ်တော့ ဇိမ်ကျပါ့အေ တို့များ ခေါင်းပူ၊ငယ်ထိပ် ချွေးစို့အောင် စပါးတောင်းရွက်ရတာ အမောတကော"
ဟု စက်ထဲကလုပ်ဖော်ကိုင်ဖက်များက ပြောကြသည်။
သီရိမြိုင် သွားလေရာနောက် တကောက်ကောက်လိုက်ရသူ တစ်ယောက်ရှိသေးသည်။သူက သီရိမြိုင်မောင်ဝမ်းကွဲ ငထက်။ ငထက်ကဖဲသမား။ ပြီးတော့ လူပွေ၊လူရှုပ်။
အထူးသဖြင့် မိန်းမရှုပ်သည်။ ထိုလူမျိုးနှင့်နီလာ့ကို နီးစပ်အောင် ဖန်တီးပေးသူက သီရိမြိုင်။
"နီလာ နင်ငထက်နဲ့ ပြန်နှင့် ငါအလုပ်ပေါ်လာလို့ ဆိပ်ခွန်အိပ်ရစ်မယ် "
" ငထက် နီလာနဲ့ နင်ရွှေဘိုပွဲရုံသွားပေး "
စသည်ဖြင့် အနေနီးအောင် ကြံဖန်ပေးသည်။
နီလာက ငထက်ကိုကြည့်မရ။ ငထက်က မ ဆို ဘာမှအလွတ်မပေး။သူတို့နှစ်ယောက် ဘုနှင့်ဘောက်။ငထက်က ပြီတီတီ စသည်။
ဆိုင်ကယ်မောင်းရင်း "ခါးဖက်ထား "
" နင် ငါနဲ့ဒီလို သွားလာနေရတာ မပျော်ဘူးလား "
ဆိုသလို နှုတ်ဖြင့်တစ်မျိုး၊လက်ကလည်း မတော်တဆပုံစံဖြင့် လက်ထိခါးတို့၊ ရင်ထိတင်ပုတ်တာမျိုး မကြာခဏ လုပ်တတ်သေးသည်။နီလာက တည်သည်။
မလွဲသာ၍ ငထက်နှင့် အတူသွားလာနေရသော်လည်း သူမက ဘာစိတ်မှမရှိ။တတ်နိုင်သ၍ သည်းခံနေသည်။ သည်းခံသည်ကို ငထက်တစ်မျိုးတွေးကာ အတင့်ရဲလာသည်။
သမီးရည်စကားဆိုလာသည်။နီလာက အစတော့ အလိမ္မာနည်းသုံး၍ ငြင်းသည်။
နောက် အတင့်ရဲသထက်ရဲလာသည့် ငထက်ကို အပြတ်ပြောလေပြီ။
"ငထက် နင်တွေ့ဖူးတဲ့ မိန်းမတွေထဲ ငါမပါဘူး
နောက်တစ်ခါ နင့်အစ်မကို တိုင်မယ်"
တိုင်လည်းတိုင်ပါသည်။
"ဖြန်း.. မှတ်ထား ငါ့ခေါ်ထားတဲ့လူ ကို ဘယ်တော့မှ မလေးမစားမလုပ်နဲ့ ဒါနောက်ဆုံး ဖြစ်ပါစေ "
သီရိမြိုင်က ငထက်ကို နီလာရှေ့ ပါးရိုက်ပြသည်။
"ဟုတ် ဟုတ်ကဲ့ နောက်မလုပ်တော့ပါဘူး
အစ်မ"
ငထက်က ကြောက်ကြောက်လန့်လန့် ကတိပေးသည်။
ထိုအမူအရာများသည် သူတို့မောင်နှမ ဟန်ဆောင်ခြင်းသာ ဖြစ်သည်ကို နီလာမသိရှာခဲ့။ မသိလေသည်မှာ မိသီပင်
ကိုယ်ဝန်ရင့်မာလာသည့်အထိပင်။
.............................................

လမ်းကြုံလိုက်လာတယ်Where stories live. Discover now