လမ်းကြုံလိုက်လာတယ်(၂)

30 2 0
                                    

လမ်းကြုံလိုက်လာတယ် (၂)

ရုတ်တရက်ကားရပ်သွားလို့ ပတ်ဝန်းကျင်ကို ကြည့်မိတော့
အမှောင်ထုကမင်းမူဆဲ။
" ငါ့ညီရေ ပေါက်တော ဟေ့ အစ်ကိုတော့ အလေးဟေ့ မနေနိုင်လို့ ခြုံတိုးမယ်"
ကားသမားက ပြောပြီး ကားလမ်းညာဘက်ရှိ ခြုံတောထဲကို ဓာတ်မီးတဝင်းဝင်းနဲ့ပြေးဝင်သွားတယ်။ ‌ကျွန်တော်လည်း အပေါ့သွားချင်နေတာမို့ ကားနဲ့မနီးမဝေး နေရာရှာရတာပေါ့။ဟိုမိသားစုနဲ့ကားခေါင်းထဲကလူကတော့ ချမ်းလို့ထင်ပါရဲ့ မဆင်းကြဘူး။ ဆောင်းရဲ့အအေးဓာတ်က မေးခိုက်ခိုက်တုန်အောင် တိုးလာတယ်။ အပေါ့အပါးသွားအပြီး ဘယ်နေရာရောက်ပြီးလဲသိချင်တာနဲ့ ဝန်းကျင်ကို မျက်စိကစားမိသေး။ ဆားတောင်နဲ့ဝက်လက်နယ်စပ် မင်္ဂလရေစဉ်ရွာ ရောက်နေမှန်းသိရတယ်။ မနက်ပွေလီဝေလင်းလို့ သတ်မှတ်လို့မရအောင်အရာရာဟာ အရိပ်ဆန်လွန်းနေတယ်။ ဒါ ညောင်ပင်ထင်ပါရဲ့၊ဟိုအပင်က က မန်းကျည်းပင်ထင်ပါရဲ့ ၊ ဟိုနားက မိုးနှံခြုံလား၊နဖူး ခြုံလား လို့သာ ခန့်မှန်းရတဲ့အထိ အရိပ်ဆန်ကာ အရာကမပီမပြင်။ အမှောင်ထုအောက်က သစ်ပင်ခြုံနွယ်အရိပ်များဟာ မကောင်းဆိုးဝါးများ စုဝေးနေသယောင်ယောင်။အရေးထဲ ဦးကြီးဟန်ရဲ့စကားတွေသတိရမိတော့ ကြောက်စိတ်က အလိုလိုရောက်လာတာပေါ့။
"ငါ့တူရ တေ စ္ဆ၊နာနာဘာဝ ဆိုတာမျိုးကို ညနက်နက်မှာ မကြောက်နဲ့ သူတို့က နွားရိုင်းသွင်းချိန်ညနေမှောင်ရီပျိုးစတို့၊မနက် ဝေလီဝေလင်းတို့မှ ကြောက်ရတာကွ သူတို့ကအဲ့ဒီအချိန်မျိုးဆို သူတို့အလိုရှိသလို ဖန်ဆင်းနိုင်တယ် "
အခုချိန်ကြမှ ဒီစကားတွေသတိရကောင်းလား လို့ ကိုယ့်ကိုကိုယ် အပြစ်တင်မိတုန်း သီချင်းသံကြားရပါလေရော။
"မှုံရွှေရည်..ခိုင်မာလာနှင်းဆီ ..ကြိုင်ကာသာသင်းကြည်...မြိုင်ဟေမာအတွင်းထုံဝေစီ..ဆင်းရနံ့ကမွေးယဉ်သည်..
ဝင်းဖန့်ဖန့်ထွေးချင်သည်. ရှင်းသန့်သန့်ပန်းဝတ်မှုံရွှေရည်...မှုံရွှေရည်..."

ဟင်..။

ကားအမိုးပေါ်မှာ လူမမာကလေးမလေး ကနေပါလား။ အငြိမ့်မင်းသမီးဝတ်စုံအပြည့်နဲ့ ကနေတာများ တကယ့်ဝါရင့်မင်းသမီးလိုပါပဲ။ ဆောင်းမနက်အမှောင်နောက်ခံမှာ အနီရောင်(ယူဆ)ဝတ်စုံနဲ့ မင်းသမီးပေါက်စလေး။
အနက်ရောင်ကားလိပ်ရှေ့မှာ ကနေတဲ့ အနီရောင်မင်းသမီးလေးတစ်လက်။ လိုက်ထရပ်ကားအမိုးက သူမကိုယ်အလေးချိန်ကို ခံနိုင်မှာလားလို့ တွေးစရာမလိုအောင် ပေါ့ပါးသွက်လက်နေတဲ့သူ့ဟန်။ လိပ်ပြာတစ်ကောင်ပျံဝဲနေသလိုလို ။
လေပေါ်မှာပစ်တင်လိုက်တဲ့ နှင်းဆီတစ်ပွင့်လိုမျိုး။
လေပေါ်မှာဝေ့ဝဲသယောင်ယောင်၊ မြေပြင်မှာ ပြန်ကျသယောင်ယောင် နိမ့်လိုက်မြင့်လိုက် တစ်ခါတစ်လေ
လေပေါ်မှာ ရပ်တန့်နေသယောင်ယောင် ဖြစ်နေတဲ့ နှင်းဆီနီလေးတစ်ပွင့်လို အသည်းထိတ်လို့ရင်ဖိုရပါတဲ့
ပဉ္စလက်ဆန်လှတဲ့ သူမရဲ့ ကကြိုးများ၊ ထဘီနားခပ်ဟန်၊
ဒူချ၊ ဖဝါးချဟန် ၊လက်တင်ဟန်လေးများ ကိန္နရာဟန်ကကွက်လေးများ၊ ဘေးတိုက်ရွေ့ကကွက်များ
၊ပျော့ပြောင်းနွဲ့နှောင်းလွန်းလှပါတဲ့ သူမ။သာယာငြိမ့်ညောင်းတဲ့သူမရဲ့ အသံလေးက စမ်းရေကျသံ၊ကျေးငှက်သီသံ ၊ အို.. ဘယ်အသံမျိုးနဲ့မှနှိုင်းယှည်လို့မရအောင် သာယာလွန်းလှတာပါ။ ကကြိုးကကွက်၊သာယာတဲ့အသံ တွေနောက် မေ့မြောလိုက်ပါသွားရပြီ။
မီးရောင်စုံတွေအောက်မှာ ကကြိုးမပျောက်အောင် ကနေတဲ့မင်းသမီးပေါက်စလေး အဖြစ် မြင်နေရပြီ။
'ဖူးပွင့်ငုံဝေရွှေရွှေနှင်းဆီ.ချူချင်သူတျွေများလှပေသည်...ချစ်သူတွေဝိုင်းကာပတ်လည်...မောင့်ရဲ့မှုံရွှေရည်..."

"ဟေ့ ဟေ့ ဖြောင်း ဖြောင်း"
ပရိတ်သံ လက်ခုပ်သံများ ကြားရပြီ။
ခမ်းနားလှတဲ့ ဇာတ်စင်ကြီး‌အောက်က ပရိတ်သပ်များရဲ့ ဩဘာသံများ ညံလေပြီ။
"ဖူးပွင့်ငုံဝေရွှေရွှေနှင်းဆီ...ခချူချင်သူတွေများလှပေသည်...."
" ဟေ့ စင်ပေါ်က အခုချက်ခြင်းဆင်းစမ်း"
ကြည့်နေဆဲ အမျိုးသမီးတစ်ယောက် ဒေါသတကြီးနဲ့ဇာတ်စင်ပေါ်တက်လာတာကို မြင်ရတယ်။
"ဟေ့ အခုချက်ခြင်းရပ်"
"ကပါရေစ အစ္မရဲ့ "
"ငါ နင့်အစ်မ မဟုတ်ဘူး ငါ့ကို အစ်မလို့မခေါ်နဲ့ "
"အဖေ့ အလှူမှာ နားသခွင့်မရ‌ပေမဲ့ ကခွင့်လေးပေးပါ အစ်မရဲ့ သနားပါ ကပါရစေ အစ်မရဲ့"
"ဘာအဖေလဲ ငါတို့အဖေ နင့်အဖေ မဟုတ်ဘူး မခေါ်နဲ့ မခေါ်နဲ့ မိန်းမပျက်မ သမီး"

မြင်ကွင်းကရှုပ်ထွေးလာသလို စိတ်တို့သည်လည်း ခြောက်ခြားလာပြီ။ ဘာတွေဆက်ဖြစ်မလဲ စောင့်စားရင်း
ကြည့်ရင်းမှာပဲ အရာအားလုံးဟာ ဝေ့ဝါးပျောက်ကွယ်လုဆဲဆဲမှာ

"ငါ့ညီ ဟေ့ငါ့ညီ"

ရုတ်တရက်ခေါ်သံကြားလို့ ဖျတ်ခနဲ နောက်လည့်ကြည့်မိတော့ ကားသမားဖြစ်နေတယ်။
"အော် ဟုတ်ဟုတ်ကဲ့ အစ်ကို"
"မီးတတို့လောက်ပါ "
ကားသမားက ဆေးလိပ်ခဲရင်း မီးတောင်းပါတယ်။
"ဟို မီးခြစ်က ကားထဲကကျောပိုးအိတ်ထဲမှာအစ်ကို ခဏနော် သွားယူပေးမယ်"
"အေးပါ "
ကားသမားက အဲ့ဒီလိုပြောပြီး လမ်းဘေးပြန်သွားတယ်။
မီးခြစ်ယူပြီးချိန်မှာ ကားသမားပြန်လာပြီး
"အရေးထဲ ဗိုက်ကရစ်နေလို့ ကြာနေတာညီရေ "
လို့ အားနာဟန်နဲ့ပြောပါတယ်။
"ဟုတ်ကဲ့ဗျ အစ်ကို မီးခြစ်ရပြီ"
"ဘာလုပ်ဖို့လဲ ညီ အစ်ကိုက ဆေးလိပ်မသောက်တတ်ဘူး ကွမ်းပဲဝါးတယ် ကဲကဲ ခရီးဆက်ကြစို့ "
သူကပေါ့ပေါ့ပါးပါးပြောကာ ကားခေါင်းတံခါးဖွင့်ဝင်သွားပေမဲ့ ကျွန်တော့်စိတ်တို့က လေးလံလာတယ်။
စောစောလေးတင်မှ မီးတတို့လောက်တောင်းသေးတယ်မဟုတ်လား။
"လာလေ ကားပေါ်တက် ကားပေါ်တက်လေ လာ လာခဲ့"
ကားပေါ်က သူတို့အသံလေးလေးတွဲတွဲကြီးတွေကြားရတယ်။
"ဟုတ် လာပြီဗျ"
ကားပေါ်အရောက် ငြိမ့်ခနဲဘီးအလိမ့်မှာ
"မိတူးကတာ လှလားဟင် "
ကျွန်တော့်ရှေ့မှာ မင်းသမီးဟန်အပြည့်နဲ့ ထိုင်နေတဲ့ အနီရောင်မင်းသမီးလေးရဲ့ အမေးကိုခံရပါတော့တယ်။စောစောက ဝေဒနာကိုမချိမဆန့်ခံစားနေရတဲ့ သူမဟာ အခုတော့ သူမဟုတ်သလိုပါပဲလား။
သူ့အမည်က "မိတူး " တဲ့လား....

ဆက်ရန်....

လမ်းကြုံလိုက်လာတယ်Where stories live. Discover now