လမ်းကြုံလိုက်လာတယ်(၁၀)

8 2 0
                                    

**လမ်းကြုံလိုက်လာတယ်(၁၀)**

"ဘာဟင်းချက်လဲ မိသီ"
ကိုသီဟက ထမင်းပွဲကိုငုံ့ကြည့်ကာ မေးသည်။ တကယ်ဆို
မေးစရာမလို သူလည်းမြင်နေတာပဲ လို့မိသီကတွေးသည်။
တဆက်တည်း သူ့ကိုစကားမရှိစကားရှာသည်လား ဟုတွေးပြန်သည်။ထိုနောက်  ဘာညာဘာညာစကားများ ပြောရန် စကားစ ခင်းနေသည်လားဟု တစ်မျိုးပြောင်း၍ အတွေးရိုးမှဆန်းဆန်းတွေးပြန်သည်။
"ဘာဟင်းတွေချက်လဲ ဟ"
ထမင်းစားပွဲမှာ တင်ပျဉ်ခွေထိုင်ကာ  လက်ဆေးခွက်ထဲ လက်နစ်ကာ ကိုသီဟ မေးပြန်သည်။
"အဲ့ဒါတွေ ချက်တယ် "
မိသီက ထမင်းဝိုင်းကို မေးဆတ်ပြီး လမ်းညွှန်းပြလိုက်တယ်။ ကိုသီဟက မိသီကိုကြည့်ကာ ပြုံးပါလေသည်။
" အသံနှမြောနေသေး မပြောလည်းနေ စားပြီး "
မိသီက ကြက်သားဟင်းထည့်ပေးရန် ကြက်သားခွက်ကို  လှမ်းယူသည်။ကိုသီဟကလည်း ကြက်သားဟင်းခွက်ကို လှမ်းယူသည်။ လက်ဆုံမိ ကြသည်။ အပျိုပေါက်မလေး မိသီမ ရင်အစုံ လှိုက်ဖိုရပါလေပြီ။
"မိသီထည့်ပေးမလို့ "
ကိုသီဟ လက်ပြန်ရုတ်လိုက်ပေမဲ့ အကြည့်ကိုတို့မရုတ်သေး။ ပိုလို့သာ ညှို့ဓာတ်တိုး၍ ပို၍သာ
အကြည့်ရဲလာသည်။
"ဘာကြည့်နေတာလဲ စောစောက ထမင်းဆာလို့ဆို
စားတော့လေ "
မိသီ အနေခက်လှပေပြီ။ ရင်တွင်းမှ တိတ်တခိုးချစ်နေရသူ၏ အကြည့်အောက် ပျော်ပိုက်မိပေမဲ့
မိန်းမသားပေမို့ ခေါင်းမမော့သာ ။ ရင်းတွင်းဆန္ဒအမှန်ဆို
မျက်နှာလေးမော့ကာ မော့ကာ ပြလိုက်ချင်သည်။
"မိသီ "
"တော်"
"နင် လူပျိုရှိနေပြီလား"
သီဟက ကောက်ကာငင်ကာ မေး၍ မိသီ ကြောင်တောင်တောင်ဖြစ်အပြီး
"ဟင် ကိုကြီးသီဟကလည်း မိသီက ခုမှကလေးပဲရှိသေးတာပဲဟာ "
"ငါ့မျက်စိထဲတော့ နင်က အပျိုဖြစ်နေပြီ "
"အို့ ကိုကြီးသီဟကလည်း ကလေးပါဆို"
ရှက်စနိုးမျက်နှာပေးလေးဖြင့် မိသီပြန်ဖြေသည်။
"အေး ကလေးစိတ်ပဲ ကောင်းတယ် ဟိုတွေူဒီတွေး မတွေးနဲ့ ကြားလား "
မိသီခေါင်းကို ဆတ်ခနဲပုတ်ကာ ပြောအပြီး ထမင်းစားနေသည့် သီဟကို မိသီ နှုတ်ခမ်းစူကာ ကြည့်လိုက်သည်။‌ရွှေမိသီခမျာမှာ
"ဒီကဖြင့် တစ်မျိုးပြောမလားလို့ ထင်နေတာ သူက ရိုးရိုးကြီး " ဟု မကြေမနပ်တွေးကာ ထမင်းဝိုင်းဘေးမှာ ငူငူကြီးထိုင်နေပါတော့သည်။ သီဟထမင်းစားအပြီး
ပန်းကန်ကိုလှမ်းယူစဉ်
"နေပါ ငါ့ဘာသာဆေးမယ် "
"မဟုတ်တာ မိသီအလုပ် ပဲ မိသီဆေးမယ်"
ထမင်းပန်းကန်ပြားကို ဆတ်ခနဲယူလိုက်သည်။ ထမင်းစားပြီးသော်လည်း သီဟမပြန်သေး။ ပုကန်းပြားဆေးနေသည့်မိသီနောက် ရပ်နေသည်။ထိုနောက်
"မိသီ နင်အရမ်းလှလာတယ် သိလား " ဟု ပြောကာ ပြန်သွားလေသည်။ သီဟရဲ့ ကျောပြင်ကိုကြည့်၍
" ဘယ်လိုလူကြီးမှန်းလဲသိဘူး" ဟု တိုးတိုးလေးရေရွတ်လိုက်‌သော်လည်း ရင်ခုန်သံတို့သည်က
ဆူညံလျက်။
.............................................................
" မိသီ "
ဦးထွန်းတင့် မီးဖိုချောင်ထဲ ဝင်လာသည်။ လက်ထဲတွင် အထုတ်လေးတစ်ထုတ်ကိုင်ထားသေးသည်။
"ဒေါ်စိန်ရော "
"မမလေး ရွှေဘိုခေါ်သွားတယ် "
"ဟေ ဟုတ်သားပဲ အလတ်မ ကျောင်းပိတ်လို့ သွားကြိုတာကို အင်း ဦးလည်းအသက်ကြီးလာတော့ သတိမကောင်းတော့ဘူး "
မိသီ ထမင်းချက်တာဝန်ယူရသည်မှာ သုံးလကျော်လို့ လေးလအတွင်း ရောက်ချေပြီ။ မာလာမြိုင် တောင် တက္ကသိုလ် ပထမနှစ်စာမေးပွဲဖြေပြီး၍ အိမ်ပြန်လာတော့မည်။ မာလာမြိုင်က ဦးထွန်းတင့် သမီးအလတ်မဖြစ်သည်။ အခု သူ့ကို သွားကြိုရင်း ဈေးဝယ်ကြမည်။
ကုန်စုံဆိုင်၊စတိုးဆိုင် အတွက်လိုအပ်သမျှ ရွှေဘိုသွားဝယ်ရသည်။ ထိုသို့ ဝယ်လေတိုင်း ဒေါ်စိန်ပါသွားသည်ကများသည်။
"မိသီ "
"ဟုတ် သူဌေး "
ဦးထွန်းတင့်က လက်ထဲကအထုတ်လေး ကမ်းကာ
"ယူလိုက်လေ မိသီ ဦးက မိသီကိုပေးတာ "
ကမ်းလာသည့် အထုတ်ကို မိသီတရိုတသေယူလိုက်သည်။
"ဟုတ် သူဌေး "
ယခုလို အဝတ်အစားအသစ်အဆန်းလေးများ ပေးသည်ကို မိသီလက်ခံမိခြင်းသည် သုံးလေးကြိမ်ထက်မနည်းတော့ချေ။
အလုပ်ရှင်က အလုပ်သမားကို ပေးသည်ဟု ရိုးရိုးသားသားလက်ခံမိခြင်းသာ။
" နှစ်ယောက်တည်းတွေ့ချိန်မှာ သူဌေး သူဌေးနဲ့ ခေါ်စရာမလိုပါဘူးကွယ် ဦး လို့ပဲ ခေါ်လေ "
ဦးထွန်းတင့်စကား ကြောင့် မိသီ လန့်သွားသည်။ ဒေါ်စိန်စကားကိုလည်း ကြားယောင်လာမိသည်။
"ရှယ်နှစ်ထပ်ကွမ်း ခေါ်တာက ဦး တဲ့"
"မိသီ ဦးပြောသလို ခေါ်ကြည့်လေ "
"ဟုတ် ဟုတ်ကဲ့ သူဌေး "
"ဟော ဒီကလေးမ လုပ်ပြန်ပြီ "
ဦးထွန်းတင့်က လက်သီးဖွဖွ ဖြင့် မိသီနဖူးကို ထုကာ သဲ့သဲ့လေး ရယ်လေသည်။
"ဟုတ် ဦး.."
"လိမ္မာပါတယ်ဆို ရော့ ဆုထပ်ချမယ် "
ဦးထွန်းတင့်က အိတ်ကပ်ထဲမှ ဗူးဝိုင်းလေးထုတ်ပေးသည်။
"ဘာ တွေလဲဟင် "
"ဖွင့်ကြည့် လေ မိသီလေးရဲ့"
အရွယ်ဖြင့်မလိုက်အောင် နုပျိုနေသည့် ဦးထွန်းတင့်၏ အသံ။ မိသီက ဗူးဝိုင်းလေးဖွင့်ကြည့်ရာ
"ဟင် ရွှေနားကပ်ပါလား မ မယူရဲ "
မိသီ ငြင်းဆန်နေချိန် အိမ်အပေါ်အထပ်မှ တဒုန်းဒုန်းတဒိုင်းဒိုင်း အသံများ ၊ အမျိုးအမည်မသိသည့်
အော်သံများ ကြားရသလိုထင်မိသည်။
"ယူ ယူထားလိုက် ဦးသွားတော့မယ် "
ချက်ခြင်းပြန်လှည့်သွားသည့် ဦးထွန်းတင့် ကို အံဩစွာကြည့်ရင်း မိသီတစ်ယောင်တည်း ကျန်ခဲ့သည်။
"ဟားဟား ဟား ...ဟီးဟီး ဟီး ...အား...လွှတ် လွှတ်ငါ့ကိုလွှတ် "
အမျိုးသမီးတစ်ယောက်၏ အသံ။
ရယ်သံလား ငိုသံလား အော်သံလား။
ထိုအမျိုးသမီးက ဘယ်သူလည်း။ စိတ်ရှုပ်ဟန်ဖြင့်
လက်ထဲမှ ဗူးဝိုင်းလေးကို အတန်ကြာကြာ ငုံ့ကြည့်နေဆဲ
"မယူနဲ့"
ကြောက်မက်ဖွယ်ရာအော်သံနဲ့အတူ စူးရဲသော မျက်လုံးတစ်စုံက မိသီကိုကြည့်နေသည်။
မိသီ ခေါင်းမော့အကြည့်
"အမေ့ "

ဆက်ရန်....

လမ်းကြုံလိုက်လာတယ်Where stories live. Discover now