လမ်းကြုံလိုက်လာတယ်(၄)

12 1 1
                                    

**လမ်းကြုံလိုက်လာတယ်(၄)**

ကားသမားရဲ့ အော်သံကြောင့် ကြက်သီးထလာပြန်တယ်။
ခြေထောက်များကခဲဆွဲခံရသလိုလေးလံလာတယ်။ခြေသလုံးကြွက်သားများဟာ လှုပ်ရှားမရအောင်တောင့်တင်းလာတာပါ။နောက်မှာ တစ်စုံတစ်ခုရောက်နေတဲ့ဆိုတဲ့အသိ။
အဲ့ဒီအသိက နောက်ကျောမလုံတော့။ နောက်ကို တဖြည်းဖြည်းလှည့်ကြည့်တယ်။ ကြည့်ရင်းနဲ့ စိတ်ကခြောက်ခြားလာတယ်။မကြည့်ပဲလည်း မနေနိုင်။
ကားသမားပြောတဲ့ ဘာကြီးလဲ ဆိုတာ
တေ စ္ဆလား ၊သရဲလား ၊ သွားကြီးဖြီးပြနေမလား၊ လက်သည်းရှည်ကြီးများဖြင့် ကုတ်ဖဲ့လေမလား၊ လျှာကြီးတန်းလန်းနဲ့ ကျွန်တော့်ကို ငုံ့ကြည့်လေမလား...
သွားအစွယ်ချွန်ချွန်ကြီးများနဲ့ လည်ပင်ကို ကိုက်လိုက်လေမလား...လားပေါင်းများစွာနဲ့ လှည့်အကြည့်
" အံမယ်လေးဗျ.."
ငယ်သံပါအောင်အော်ကာ ကားသမားဆီ ပြေးလိုက်တယ်။
" လူလေး လူလေး မပြေးပါနဲ့"
ကျွန်တော့်ရဲ့ အနွေးထည်ကော်လံကို မဲမဲကြီးက မိမိရရဆုပ်ကိုင်ထားတယ်။
"ပြေး ပြေးခဲ့လေကွာ စောင့်ရုန်းလေကွာ"
ကားသမားက အားပေးစကားပြောမှ အားကုန်ထုတ်ကာ ရုန်းထွက်တယ်။ကံကောင်းထောက်မစွာပဲ လွတ်ထွက်လာပြီး ကားသမားစီ အရောက်
"အီး..ဟီး.ဟီး..ငါ့စောင့်ကြ ငါလည်းလိုက်မယ် အီး..ဟီး..ဟီး.."
အထုတ်ကြီးခေါင်းပေါ်ရွက်ကာ မဲမဲသတ္တဝါကြီးက ထပ်ကြပ်မကွာလိုက်လာတယ်။ အဲ့ဒီမဲမဲကြီးရဲ့ ဆံပင်များက
မြောက်ပြန်လေအဆော့မှာ ဖွားခနဲ ဖွားခနဲ ပြန့်ကားလာတာများ ကြောက်စရာပါပဲ။
"မ မလာနဲ့ မလိုက်နဲ့ သွားသွား "
နှစ်ယောက်သားငယ်သံပါအောင်အော်ပြီး ကားစီအမြန်ပြေးကြရတယ်။အရေးထဲ ကားတံခါးကဖွင့်မရပဲ သော့ကြောင်နေတယ်။
"ဖွင့်ပါဗျ မြန်မြန်ဖွင့်ပါဗျ ကျွန်တော်တို့နဲ့နီးလာပြီ "
အလျင်လိုအနှေးတွေ့ ဆိုသလို ကားတံခါးသော့က ဖွင့်မရ။
"ဟာ..ကားသော့လွတ်ကျသွားပြီ"
ကတုန်ကယင်နဲ့ ကားသမားက ‌ကျသွားတဲ့သော့ကို ကုန်းရှာနေဆဲ
"အံမယ်လေး သေပါ ပြီတော့ "
မဲမဲသတ္တဝါကြီးပြိုလဲသံနဲ့အတူ ထိုသတ္တဝါရဲ့ အထုတ်ကြီးက ကားသမားရဲ့ လည်ကုတ်ဆက်အ‌ပေါ်ဖုတ်ခနဲကျလာတယ်။
အထုတ်ကြီးကို ကြောက်လန့်တကြားဖယ်ရှားရင်း
"ပြေး ပြေးကြစို့ "
ကားသမားက ‌အသံပေးကာပြေးဖို့ ပြောနေပေမဲ့ သူ့ခြေလှမ်းများကမရွေ့။
"ဟေ့ကောင် ငါ့ ငါ့ခြေထောက်ကို ဆွဲထားတယ် လုပ်ပါအုံးဟ"
မဲမဲကြီးက အားလျားမှောက်လျက်ကနေ ကားသမားခြေထောက်ကို အမိအရဆွဲထားတာ။
"လူလေး လူလေးတို့ အဒေါ်က လူပါဟဲ့ ငါ့ကိုပစ်မထားကြပါနဲ့ "
မဲမဲကြီးက အော်သံပေးတယ်။
"ဓာတ်မီး ဓာတ်မီး ဘယ်မှာလဲ "
ကားသမားက အလောတကြီးမေးတယ်။
"ခါးကြားမှာ ထိုးလိုက်တာ တွေ့လိုက်တယ်"
ကျွန်တော်က သတိပေးတော့ ကားသမားဟာ
သူ့ခါးက ဓာတ်မီးကို စမ်းတွေ့ပြီး မဲမဲကြီးကို ထိုးကြည့်လိုက်ရာ ဆံပင်ဖွားလျား၊မျက်တွင်းဟောက်ပက်၊သွားကြီးတွေက ရှေ့ငေါထွက်နေတဲ့ မိန်းမကြီးတစ်ယောက်က ‌ပါးစဟောင်းလောင်းကြီးနဲ့ မော့ကြည့်တော့
"အား...သရဲ"
ကျွန်တော်နဲ့ကားသမား ငယ်သံပါအောင်အော်တာပေါ့။
"အား..ကြောက်တယ်"
မိန်းမကြီးကလည်း ငယ်သံပါအောင်ပြန်အော်ကာ
ငုတ်တုပ်ထထိုင်၊ငုတ်တုပ်ကနေ ထရပ်။ ပြီးတော့ ဝုန်းခနဲ ကျွန်တော်တို့နှစ်ယောက်ကို ပြေးဖက်တော့တာ။
"ဘယ်မလဲ သရဲ သရဲဘယ်မလဲ"
လို့လဲ ဝူးဝူးဝါးဝါး အော်ပါသေးတယ်။
"သရဲမက သရဲပြန်ကြောက်ရသလား လွှတ် ကျုပ်တို့ကို လွှတ် လွှတ် "
ကားသမားက ဆောင့်တွန်းလိုက်ရာ အမျိုးသမီးကြီးခမျာ ပက်လက်ပြန်လဲကျသွားပြန်တယ်။
"အီး ဟီးဟီး..ဆိုးလိုက်တဲ့ငါ့ဘဝ ဒုက္ခရောက်လို့ လမ်းကြုံလေးလိုက်ခွင့်တောင်းတာ ဝိုင်းနှိပ်စက်ကြတယ်တော့ " လို့ ရင်ဘတ်ကြီးတီးကာ ငိုပါလေတယ်။
"ငါ့ညီ"
"အစ္ကို"
တစ်ယောက်နာမ်စားကို တစ်ယောက်ခေါ်ရင်း ကြောင်ကြည့်ကြတယ်။
"လူထင်တယ် "
ကားသမားက မှတ်ချက်ပြုတယ်။
" ဟုတ်လို့လား "
ကျွန်တော်ကပြန်မေးတယ်။
"လူနဲ့တော့တူတာပဲ"
"လူဆို ဒီအချိန်ကြီး ဘာလာလုပ်တာလဲ"
"လမ်းကြုံလိုက်ချင်လို့ ပြောတာ ကြားဖူးလား"
အပြန်အလှန်ပြောဆိုတုန်း
"လိုက်လာပြီ သူလိုက်လာပြီ အသုဘအကောင် လိုက်လာပြီ ကယ်ကြပါအုံး " လို့ အော်ကာ ကျွန်တော်တို့နှစ်ယောက်ကြား ဝင်တိုးပြန်ပါတော့တယ်။
အဲ့ဒီအချိန်မှာပဲ ပြင်းအားကောင်းတဲ့မီးအရောင်က ကျွန်တော်တို့ထံ ဖြာကျလာပါတော့တယ်။
..........................................................
"ဟေ့မသာမ မင့်ဘယ်ပြေးမလဲ "
မီးရောင်ပိုင်ရှင်က ကြိမ်းမောင်းကာ ကျွန်တော်တို့ထံ ဒယီးဒယိုင်နဲ့ လာပါတယ်။
"ဘာတုန်း အသုဘကောင်"
အမျိုးသမီးကြီးက ပြန်အော်ပါလေရော။
"အံမာ မင့်က ငါ့ကိုဘယ်တုန်ူကဒီလိုအော်ဖူးလို့လဲ ‌ဒီမိန်းမ
သေချင်ပြီထင်တယ် "  လို့ ကြိမ်းမောင်းပြီး ကျွန်တော်တို့သုံးယောက်ကို ကြည့်ပါတယ်။
"အဟတ် မင့်က လင်ငယ်လေးတွေအားကိုးနဲ့ ငါ့ကိုအာခံနေတာကို "
နီးကပ်လာမှ အဲ့ဒီလူရဲ့စကားသံတွေကအရက်လူးထားတာကို သိရတယ်။
"အယ်လဲ့ လက်တွေတောင် ချိတ်ထားကြပါလား ကရို့ "
သူပြောမှ သတိထားမိတယ်။ဟုတ်ပ။ ကျွန်တော်တို့က အမျိုးသမီးကြီးလက်ကို ဘယ်ညာဆုတ်ကိုင်ထားတယ်။
ရုတ်တရက် သူမလက်ကို ဆတ်ခနဲ ဖြုတ်ချကာ
"ဦးကြီး စောစောစီစီ မူးရူးပြီး ထင်ရာမပြောနဲ့ ခင်ဗျားမိန်းမကြီးက ကျုပ်တို့စီ ဝင်တိုးတာ "
ကားသမားက ဒေါသတကြီးနဲ့ ပြန်အော်တယ်။
"ဟဲ့ အသုဘအကောင် ငါ့တူငါ့သားအရွယ်လေးတွေနဲ့ မပေးစားနဲ့ ငါက နင့်ကိုစိတ်ကုန်လို့ စစ်ကိုင်းတောင်ရိုးမှာ
သီလရှင်အပြီးဝတ်မလို့ ကားကြုံလိုက်ခွင့်တောင်းတာကို
အဟင့် ဟင့် နာ နာလိုက်တာ "
အမျိုးသမီးကြီးက စကားလမ်းကြောင်းပြောင်းပြီး သူ့ခါးကိုနှိပ်ကာ ညင်းတော့
"ဟေ့ မင့် မင့်တို့ ငါ့မိန်းမကို ဘာလုပ်လိုက်လဲ "
"အသုဘအကောင် ဘာတွေပြောနေတာလဲ သူတို့က ကျုပ်ကိုဘာမှတော့မလုပ်ပါဘူး "
"ဘာမှမလုပ်ပဲ ဘာလို့ညင်းတာလဲ"
"သူ သူရို့က ကျုပ်ကို သရဲမှတ်လို့ တွန်းလိုက်တာ လဲကျသွားလို့ ခါးထိသွားတာပါ"
နေရင်းထိုင်ရင်း အကုသိုလ်က စောစောစီးစီး အတုံးလိုက်အတစ်လိုက် ဝင်ပါလေပြီ။
"မင့်ကို သရဲလို့ ထင်တာ ဒီအကောင်တွေလား "
"ဟုတ် မဟုတ်ပါဘူးဗျာ အချိန်မတော်ကြီး ဆိုတော့ လန့်မိတာပါ ပြီးတော့ ဦးကြီးမိန်းမရုပ်ကလည်း "
ပြောမိပြောရာပြောပြီးမှ ပါးစပ်ကိုမနည်းဘရိတ်ဖမ်းထားရတာပေါ့။
"ဒီလိုပါကွယ် အဒေါ်က အဒေါ့်ယောက်ကျားအမူးသမားရန်က လွတ်အောင် ပြေးလာတော့ ဆံပင်ပြေကျတာပေါ့၊ လင်ဆိုးမယားတဖားဖားဆိုသလို စိတ်မချမ်းသာတော့
မျက်စိကဟောက်ပက် ရုပ်ကလပ်ကစုတ်ပျက်ပြီးပေါ့
သွားကတော့ အမေမွေးကတည်းက အော်တိုခေါ်တာဆိုတော့ သရဲရုပ်ပေါက်ပြီးပေါ့ကွယ် "
သူမဖြေရှင်းချက်ကြားရတော့ ငိုရမလိုရယ်ရမလို။သနားလည်းသနားမိတယ်။သူတို့လင်မယားကို ဖျောင်းဖျလို့
သူတို့အဆင်ပြေသွားပါတယ်။ သူတို့ပြန်သွားအပြီး
ကျွန်တော်တို့လည်း ခရီးဆက်ရန်ပြင်ရပါတယ်။
"ငါ့ညီရေ ကားခေါင်းကပဲလိုက်ခဲ့တော့ "
"ဟုတ်အစ်ကို"
ကားသော့ရှာအပြီး  ကားခေါင်းထဲနှစ်ယောက်သားထိုင်အပြီး စက်နှိုးရန်အပြု
"နေအုံးအစ်ကို အစ်ကို့ဘေးကလူ ကျန်သေးတယ်လေ"
ကျွန်တော့်စကားကြားတော့ ကားသမားက နားမလည်ဟန်ပြကာ
"ဘယ်ကလူလဲ"
"အစ်ကို့ဘေးကလူလေ ကျွန်တော့်တောင်ပြုံးပြလို့ ပြန်ပြုံးပြမိသေးတယ်"
"ငါ့ညီ မနောက်နဲ့နော် ငါ့တစ်ယောက်တည်းရှိတာ"
"မဟုတ်ပါဘူး အစ်ကိုတို့နှစ်ယောက်ပါ အတိအကျပြောရရင် ကားခေါင်းထဲမှာ အစ်ကိုတို့ကနှစ်ယောက် ကားနောက်ခန်းမှာ ဟိုမိသားစုသုံးယောက်"
"တော် တော်တော့ ငါအတည်ပြောနေတာ ဒီကားပေါ်မှာ မင့်နဲ့ငါ နှစ်ယောက်တည်းရယ်ကွ"
"ဗျာ..."

ဆက်ရန်...

လမ်းကြုံလိုက်လာတယ်Where stories live. Discover now