**လမ်းကြုံလိုက်လာတယ် (၃)**
"မိတူး ကတာလှလားဆို "
မိတူးဆိုတဲ့ ကလေးမကထပ်မေးပြန်တယ်။
"လှလားဆို ဖြေလေ .."
သူမအမေးက စောစောကလို မဟုတ်တော့ပဲ ဒေါသသံပါလာတယ်။အဲ့ဒီနောက် မျက်တောင်မခတ်ပဲ
မျက်သားဖြူ မျက်လုံး ပြူးပြူးကြီးနဲ့ စိုက်ကြည့်တယ်။ သူမရုပ်ဟာ တဖြည်းဖြည်း ကြောက်မက်ဖွယ်ကောင်းလာတယ်။ ကြည့်နေစဉ်မှာပဲ
သွေးဆုတ်ဖြူရော်သွားကာ လူသေကောင်မျက်နှာမျိုးနဲ့ ကျွန်တော့်ကို စူးစူးဝါးဝါးကြည့်တယ်။
"မိ..တူး..လှ.လား.."
ကြောက်မက်ဖွယ်အသံကြီးနဲ့ ကျွန်တော်အနားတိုးလာပြန်တယ်။ကားသမားကို အော်ဟစ်အကူအညီတောင်းဖို့ ကြိုးစားပေမယ့် အသံတို့က လည်မျိုမှာပဲတစ်ကာ အပြင်ထွက်မလာ။ ဘေးက လင်မယားက စင်းစင်းကြီးတွေ အိပ်လို့။ လူသေကောင်းကြီးတွေ စီချထားသလိုမျိုး စင်းစင်းကြီး၊တောင့်တောင့်ကြီးတွေ ဆန့်နေတာရယ်။
ကလေးမလေးလက်နှစ်ဖက်က အရွယ်နဲ့မလိုက်အောင် ဆန့်တန်းရှည်ထွက်လာတယ်။ မြွေတွေလို တွန့်လိမ်လှုပ်ရှားလာတဲ့ လက်နှစ်ဖက်က ကျွန်တော့်ပခုံးပေါ် ဦးတည်ရွေ့လျားနေတယ်။ ပြန်လည်ခုံခံဖို့ မေ့လျော့ကာ သူမရဲ့ လူသေကောင်မျက်နှာကြီးကို ကြောင်ပြီးကြည့်မိတယ်။
" မိ..တူး..လှလား.."
ကျားဟိန်းသလိုအသံကြီးနဲ့ ကျွန်တော်ရှေ့ တိုးတိုးလာတယ်။ သူမရဲ့ လက်များဟာ သန်မာလွန်းလှတယ်။ကျွန်တော့်ပခုံးနှစ်ဖက်ကို သူမက
ကိုင်လှုပ်ရင်း သူမမျက်နှာကြီးကို မော့ပြပြီး မေးတယ်။
"မိ..တူး..လှ..လား "
လေးလေးတွဲတွဲကြီးနဲ့ သွားစေ့ကာ မေးပြန်တယ်။
"လှ ..လား.."
ခေါင်းကိုဘယ်ညာစောင်းရင်းမေးပြန်တယ်။ သူမမျက်နှာဖြူဖြူကြီးနဲ့ ကျွန်တော့်မျက်နှာဟာ နီးသထက်နီးလာတယ်။ မျက်စိကို စုံမှိတ်ကာ အားအကုန်ညစ်လို့ အော်လိုက်တယ်။ အသံကထွက်မလာ။
အသက်ရှုကြပ်လာကာ မောဟိုက်လာတယ်။ ကျွန်တော့်ညာဘက်ပခုံပေါ်မှာ အေးစက်စက်အရာတစ်ခု ဖုတ်ခနဲကျလာသလို ထပ်မံခံစားရတယ်။ ကြိုးစားကာ ဖယ်ရှားဖို့
ဘယ်လက်ကို ညာဘက်ပခုံးပေါ်စီ အားကုန်သုံးကာလွှဲလိုက်တော့
အေးစက်နေတဲ့လက်တစ်ဖက်ကို ဆုတ်ကိုင်မိရဲ့သားဖြစ်သွားတယ်။ အဲ့ဒီလက်ကို ကြောက်လန့်တကြား ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားဆဲ
"အ အား နာတယ် နာတယ်ဟ "
..........................................................
"ငါ့ညီ ဟေ့ငါ့ညီ အစ်ကိုပါ ကားသမားပါ လွှတ်ပါဟ "
ကားသမားရဲ့အော်သံကြားမှ ဖျတ်ခနဲအသိဝင်လာတယ်။
သူ့ရဲ့လက်ကိုတော့ မလွှတ်သေး။
"ငါ့ညီ လွှတ်တော့ကွ နာလှပြီ "
သူ့လက်ကို လွှတ်ပေးလိုက်ပေမဲ့ ခေါင်းထဲကကြည်ကြည်လင်လင်မရှိသေး။
"အစ်ကို ဘာ ဘာတွေလဲ "
"ဘာတွေလဲလုပ်မနေနဲ့ မင့်က သစ်ပင်မြှီပီးအိပ်နေလို့
လာနှိုးတာကိုကွာ ငါ့လက်ကို တအားဆုတ်ချေထားတာ
နာတာပေါ့ဟ ဘယ်လိုလူလဲကွာ အိပ်ချင်တာများ ကားပေါ်အိပ်ပါရော့လား သေးပေါက်ရင်းများအိပ်ပျော်သွားတာလား "
"ကျွန်တော်အိပ်ပျော်သွားတာလား "
"ဟေ မင့်အိပ် မအိပ်တော့ မသိဘူး မင့်ပခုံးကို လှုပ်လှုပ်နှိုးတာ ဆယ်ကြိမ်မကပဲ "
"မိတူး "
"ဟေ ဘယ်ကမိတူးလဲ "
ကားသမားက မေးတယ်။
"မှုံရွှေရည်"
"ဟာဗျာ ဘာတွေလဲ"
ကားသမားရဲ့ ညည်းတွားသံအပြီးကျွန်တော်က သူ့ကိုမေးမိပြန်တယ်။
" ဒါဆို အိပ်မက်ပေါ့ နော် အစ်ကို"
ကားသမားဟာ သူ့ခေါင်းကိုကုတ်ကာ
"လမ်းကြုံလေးတင်မိပါရဲ့ ဆိုက်ကိုလမ်းကြုံနဲ့ တိုးပြီးထင်ပါရဲ့
မိတူးတွေရော မှုံရွှေရည်တွေရော "
ကားသမားရဲ့စကားကြောင့် သူ့ကိုအားနာသွားတယ်။
"ဟုတ် sorry ဗျာ အိပ်ယာကနိုးစဆိုတော့ အိပ်မက်နဲ့ အပြင်လောကနဲ့ ရောသွားလို့ အခု ခေါင်းကြည်သွားပြီ ဗျာ "
လို့ ပြန်ပြောပေမဲ့
စိတ်ကတော့
ဖြစ်စဉ်ကို ပြန်စဉ်စားကြည့်မိတယ်။ အပေါ့သွားပြီး ပတ်ဝန်းကျင်ကို မျက်စိကစား။ကားစီ ပြန်အလာ ကားနဲ့မနီးမဝေးအရောက် သစ်ပင်အောက်ရောက်တယ်။ကားမထွက်ခင် သစ်ပင်အောက်မှာ ခဏထိုင်မယ်စိတ်ကူးထားပေမဲ့ အိပ်ပျော်သွားတယ်ထင်။
ဒီတော့မှ ကိုယ့်အကျင့်ကို သတိထားမိပါရော။ကျွန်တော်က
အိပ်ရေးပျက်ဖန်များရင် တွေ့တဲ့နေရာမှာ မှေးခနဲအိပ်ပျော်တတ်တယ်ဆိုတာ။
"ကျေးဇူးရှင် ငါ့ညီ မြန်မြန်ထပါတော့ ခရီးဆက်ရအုံးမယ်
ပြီး ပြီးတော့ ဒီနေရာက သန့်တာမဟုတ်ဘူး "
ကားသမားစကားကြောင့် ကျက်သီးထလာပြန်တယ်။
အိပ်မက်ဆိုးက ခုချိန်ထိ မျက်စိထဲကမထွက်သေးတော့ ကြောက်စိတ်များ ပြန်ရောက်လာပြန်တယ်။ဒီနေရာက မသန့်ဘူးဆိုပဲ။ဒါ ကြောင့် ဟိုလူတွေ မဆင်းတာထင်တယ်လို့ တွေးမိတယ်။ကျွန်တော်လည်း
ချက်ခြင်းထကာ ကားသမားနောက် ပြေးလိုက်ရန်ခြေလှမ်းအစ
" ဖတ် ထွီး လေးထွေးခဲ့အုံးဟ "
လို့ ကားသမားက သတိပေးလို့
"ဟုတ် ဟုတ်ကဲ့ ကျွန်တော့်ကို စောင့်ပါအုံးအစ်ကိုရ"
"အေးပါ ဖတ် ထွီး မြန်မြန်ထွေးတော့ "
ထိုင်ခဲ့တဲ့နေရာကို သူပြောသလိုလုပ်အပြီး သူ့နောက်အပြေးတစ်ပိုင်းလိုက်နေဆဲ
"ဟာ ဟေ့ကောင် မင့် မင့်နောက်က ဘာ..ဘာကြီးလဲ"
ဆက်ရန်....
YOU ARE READING
လမ်းကြုံလိုက်လာတယ်
Horrorhorror သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲပါ။ ငြိမ့်ငြိမ့်လေးနဲ့ feel ရင်း လမ်းကြုံလိုက်ခဲ့ကြပါ လို့ ဖိတ်ခေါ်ပါရစေဗျာ...။