**လမ်းကြုံလိုက်လာတယ် (၂၀)**
မိတူး က ကတာဆိုတာဝါသနာပါသည်။
ကျောင်းစုံညီပွဲမှာ မှုံရွှေရည် သီချင်းဖြင့် စတင်၍ ပွဲထွက်ခွင့်ရခဲ့သည်။ရပ်ရွာက အရွယ်နဲ့မလိုက်အောင် ကတတ်၊ဟန်အမူအရာလုပ်တတ်သော မိတူးကို သဘောကျကြသည်။ အားပေးကြသည်။
ထိုနောက် အလှူပွဲများက ဆက်၍ ငှါးကြရာမှ
မိတူးဟာ မှုံရွှေရည် မင်းသမီးလေး ဖြစ်မှန်းမသိဖြစ်ခဲ့ချေပြီ။
ရွာဦးစေတီ ဘုရားပွဲမှာ မိတူးကို ကပြဖို့
တောင်းဆိုလာတော့ မိတူးတို့ ကပြခွင့်ရခဲ့ပြန်သည်။
တောအရပ်ပေမို့ အလှူပွဲ၊ အလှူရှင်းလောင်းလှည့်ရင် ဖျော်ဖြေရေး လှည်းတန်းကြီးက မနည်း။ လှည်းပေါ်မှာ ရိုက်ဖတ်ကို လှည်းရန်တိုင်းနဲ့အညီတင်၊ ပြီးလျင် ဖြာကြမ်းခင်းကြသည်။ ထို လှည်းပေါ်ကနေ ကပြဖျော်ဖြေရသည်။ ဓာတ်စက်သမားက လှည်းတစ်စီး။ ဘထရီအိုးသေတ္တာ၊ ဓာတ်စက်သေတ္တာ ၊ ဓာတ်ကော်လန်ကြီး လှည်းဦးထားကာ ကပြဖျော်ဖြေမဲ့သူတွေအတွက် ဆိုင်ရာဆိုင်ရာ သီချင်းဖွင့်ပေးရသည်။
ဖျော်ဖြေရေးတစ်ဖွဲ့ လှည်းနှစ်စီးနှုန်းနှင့်ဆိုတော့ ရွာလမ်းတလျောက် ရှေ့လှည်းမြ်ီးနှင့် နောက်လှည်းဦး ထိလုထိခင်။
ဦးရွှေရိုးဒေါ်မိုး လည်းပါသည်။
ယုနှင့်ဘခက်၊ စိုးမိုးမေတ္တာ၊ ဗိုလ်အောင်ဒင်
စသည့်ပြဇာတ်တွေ တိပ်ခွေဖွင့်ပြီး သရုပ်ဆောင်ကြတာလည်း မနည်းမနော။
မန်းတောင်ရိပ်ခို သင်္ကြန်သီချင်းနဲ့ ယိမ်းအဖွဲ့၊ ရွဲကုန်သည် ၊တံခါးမှူး မောင်မှူး တို့လည်း ဟန်အပြည့်မာန်အပြည့်။ ထိုအဖွဲ့တွေထဲမှာ မိတူးရဲ့ မှုံရွှေရည် အကအလှသည်လည်း ပွဲတောင်းခံရသည်မှာ မကြာခဏပင်။ ကထိန်ခင်းလည်း မိတူး။ ဘုရားပွဲ ၊အလှူပွဲ မှာလည်း မိတူး။ရွာသာရွာတင်မက ရွာနီးချုပ်စပ်ကပင် မိတူးကို လာငှါးကြသည်။
" အဖေ့အလှူမှာ နားသခွင့်မရပေမဲ့ ကပါရစေနော် "
ဟု မိတူးက သီဟနဲ့သီတာ့ကို ပူဆာသည်။
သီတာက အဆက်အသွယ်ဖြတ်ရန် ၊မပါတ်သက်ရန် ခဏခဏ ပြောထားရက်နဲ့ ကရပါ့မလား ဟု အစတော့ စိတ်ဆိုးသေးသည်။ နောက်တော့ သူမသမီးကို သနားလာကာ ကခွင့်ပေးလိုက်သည်။
ယခုတော့ သီဟက တိပ်ခွေဖွင့် မိတူးက သီချင်းသံအလိုက် ကပြ။ ညညဆို အကလေ့ကျင့်ကြသည်။ လေ့ကျင်သည်ဆိုသော်လည်း အကနွှေးရုံသာ။မိတူးနဲ့ မှုံရွှေရည်က ရင်းနှီးကျွမ်းဝင်ပြီးသား။
ဒီတစ်ခါ မိတူးရဲ့ အငြိမ့်မင်းသမီး ဝတ်စုံက အနီရောင်လေး။
အနီရောင်မင်းသမီးလေး မိတူး ဆိုတဲ့ မှုံရွှေရည် မလေး...။
YOU ARE READING
လမ်းကြုံလိုက်လာတယ်
Horrorhorror သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲပါ။ ငြိမ့်ငြိမ့်လေးနဲ့ feel ရင်း လမ်းကြုံလိုက်ခဲ့ကြပါ လို့ ဖိတ်ခေါ်ပါရစေဗျာ...။