**လမ်းကြုံလိုက်လာတယ် (၁၉)**
ငထက် နာရေးသည်လည်း အထိတ်တလန့် ရှိလှသည်။ ဘဒင်က အရက်ကြောင်ကာ ထင်ရာမြင်ရာ စွတ်ပြော စွတ်ပြေး သည်ဟု
ပြောသူကပြော။ အရက်ကြောင် နောက် သရဲဘောကြောင်သူများ ကလည်း မစူးမစမ်း
လိုက်ပြေး။ အလောင်းဘေး ကျန်ရစ်တဲ့ ဘကြီးအောင် ဆိုတာလည်း မိုးစနေ လေ ဘကြီးအောင် ဆိုသလို မဟုတ်တာရော ဟုတ်တာရော အာပေါင်အာရင်းသန်သန်ဖြင့်
ပြောတတ်သူ။ ထိုညမှာပဲ လူစုပြီး ငထက်အလောင်းစီသွားတော့ ငထက်သည်လည်း သူ့စင်ပေါ်မှာ ဆန့်ဆန့်ကြီး။ မီးစက်က ဆီကုန်လို့ရပ်သွားသည်ဟု သိရ။
ဘဒင်နှင့်ဘကြီးအောင် ကို ရွာထဲကလူများက ဘုကြည့်၊ မကြည်ကြည့် ကြည့်ကြတော့ သူတို့နှစ်ယောက် က
" ငါတို့ မှားတာ ဟေ့ ဟုတ်တယ် ငါတို့ အမြင်မှား တာ " လို့ တောင်းပန်ကြပေမဲ့
စိတ်ထဲမှာတော့
" အတော်မာယာများတဲ့ မသာ "
ဟု ကျိန်ဆဲ နေကြပါလေတယ်။
တောရွာဓလေ့အတိုင်း အလောင်းကျင်းချခါနီးမှာ လုပ်ကြတာတစ်ခုရှိသေးတယ်။ အဲ့ဒါကတော့
အလောင်းကို မြေကျင်းထိပ်ကနေ ရှေ့တိုးနောက်ငင် ဆယ်ကြိမ်လုပ်တယ်။ တကယ်မသေပဲ မျောနေသည်ရှိသော လန့်ဖြန့်၍ သတိပြန်ဝင်စေလိုသည့်သဘော။
" တစ်"
"နှစ် "
"သုံး "
"လေး"
ငထက်အလောင်း ရှေ့တိုးနောက်ငင်လုပ်နေတာကို
သီရိ မြိုင် ကြည့်နေတယ်။ အလောင်းကို မထားတဲ့ လူအုပ်ထဲမှာ ငထက်ကို မြင်နေရတယ်။သူက သူ့အလောင်းကို အခြားလူများနဲ့ ရောနှောကာ ရှေ့တိုးနောက်ငင်လုပ်နေတယ်။
သ်ီရိမြိုင် ကြည့်ရင်း ကြက်သီးမွေးညှင်းထလာတယ်။ သူမကြည့်နေဆဲ ဖျတ်ခနဲ ငထက်ပျောက်သွားတယ်။ငါအ မြင်မှားတာနေမှာပါ လေ လို့ တွေးကာ စိတ်ဖြေတယ်။ ငထက်ကို ကျင်းထဲချပြီ။သီရိ မြိုင် မြေကြီးတစ်ခဲ ပစ်ချလိုက်တယ်။
အသုဘ ပို့သူများက မြေတစ်ခဲ သဲတစ်စုပ် ပစ်ချတာလည်း ဓလေ့ပါပဲ။ ငထက်ရုပ်အလောင်းဟာ မြေစိုင်မြေခဲတွေအောက် နစ်မြှုပ်သွားလေပြီ။
မြေပုံမို့မို့လေး ဘေးမှာ လူတစ်ယောက်ရပ်နေသည်ကို သီရိမြိုင် မြင်ရပြန်သည်။သူသည်က နီလာလွင်။ ငထက်မြေပုံကို အောင်သေအောင်သားစားထားတဲ့ စစ်သူကြီးပမာ ကြည့်နေတဲ့ နီလာလွင်။
သူမက ဆတ်ခနဲ မော့ကာ သီရိမြိုင်ထံ စူးစူးရဲရဲ လှမ်းကြည့်လိုက်ပါသေးတယ်။
.................................
YOU ARE READING
လမ်းကြုံလိုက်လာတယ်
Horrorhorror သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲပါ။ ငြိမ့်ငြိမ့်လေးနဲ့ feel ရင်း လမ်းကြုံလိုက်ခဲ့ကြပါ လို့ ဖိတ်ခေါ်ပါရစေဗျာ...။