Chapter 104

133 25 5
                                    

မနက်နှိုးစက်အသံမမြည်ခင်လေးမှာပဲ ရှောင်းကျန့်၏မျက်လုံးအစုံတို့ကအသားကျစွာအလိုအလျောက်ပွင့်လာခဲ့သည်။ မျက်လုံးတို့ဖွင့်လာတာနဲ့ လက်ကလည်းကုတင်ဘေးစားပွဲပုလေးပေါ်တင်ထားတဲ့ဖုန်းဆီသို့ရောက်သွားခဲ့ပြီး နာရီကိုကြည့်လိုက်တော့ ၇နာရီတိတိ။ 7:00 အဖြစ်ကိန်းဂဏန်းတို့ကူးပြောင်းပြီးသိပ်မကြာခင်မှာပဲ ဖုန်းမှနှိုးစက်သံကတတီတီနှင့်မြည်လာတာမို့ ရှောင်းကျန့်နှိုးစက်ကိုအမြန်ပိတ်လိုက်ရသည်။

ကျယ်လောင်လှသောနှိုးစက်သံကြောင့် နိုးများနိုးသွားပြီလားဟူသောစိုးရိမ်စိတ်နှင့်ဘေးကိုလှည့်ကြည့်သည်။ မက်မွန်သီးပုံ နှုတ်ခမ်းတစ်စုံကိုထော်ထွက်ကာဟောင်းလောင်းဖြစ်နေသော ပါးစပ်နှင့် မျက်တောင်တိုတိုလေးများစင်းကျနေအောင်မှိတ်ထားသော မျက်လုံးမို့အစ်အစ်လေးတို့ကဘယ်လောက်အိပ်မောကျနေသလဲဆိုတာ သိသာလှသည်။ ခပ်မြင့်မြင့်ချွန်ချွန်နှာခေါင်းတစ်လျှောက်ကို လက်ညှိုးလေးနှင့်ပွတ်ဆွဲသွားပြီး  အဖျားသတ်လုံးအိနေသောနှာခေါင်းထိပ်လေးကို လက်ညှိုးထိပ်နှင့်ဖိကပ်လိုက်တော့ ဝက်ပေါက်လေးကတအင်းအင်းတအဲအဲဖြစ်လာသည်။

ရှောင်းကျန့်ခပ်ဖွဖွရယ်လိုက်ပြီး ဘေးစောင်းအိပ်ထား၍လုံးအစ်ထွက်နေသောပါးဖောင်းဖောင်းကြီးတစ်ဖက်ကို ခပ်ဖွဖွလေးနမ်းလိုက်တော့ ယောကျ်ားဆန်းသောမွှေးရနံ့တစ်ချို့ကိုရသည်။ ဒီလိုပါးဖောင်းဖောင်းကြီးနဲ့ အပြစ်ကင်းစွာကလေးတစ်ယောက်လိုအိပ်နေတဲ့ကောင်လေးဆီမှာ ဒီလိုယောကျ်ားဆန်ဆန်အငွေ့အသက်ကိုရသည်ဟုပြောလျှင် မည်သူမျှယုံမည်မထင်။ ထို့နောက်ခပ်ထော်ထော်ပွင့်ဟနေသောနှုတ်ခမ်းလေးကို လက်ညှိုးလက်မနှင့်အသာညှပ်ဖိပိတ်ပေးလိုက်ပြီး စောင်လွတ်ကာ ကားယားလေးဖြစ်နေသောအောက်ပိုင်းကိုစောင်ဆွဲခြုံပေး၍ ကုတင်ပေါ်ကဆင်းလိုက်သည်။

သွားတိုက် မျက်နှာသစ် ရေမိုးချိုးပြီး ရှောင်းကျန့်ရေချိုးခန်းထဲကထွက်လာသည်အထိ ကုတင်ပေါ်ကဝမ်ရီပေါ်ကတော့အိပ်ကောင်းနေဆဲ။ စောင်းအိပ်နေရာကနေ ပက်လက်လန်သွားပြန်သောကြောင့် ကုတင်အောက်ကျသွားပြန်သောစောင်ကိုရှောင်းကျန့်ကောက်ယူကာ ကိုယ်တော်ချောအပေါ်သို့လွှားခနဲခြုံပေးလိုက်သည်။

Yizhan's Diary💚❤️ Part - IIWhere stories live. Discover now