ပြာလွင်လွင်ကောင်းကင်နောက်ခံတွင် တောက်ပသည့်ရွှေဝါရောင်သန်းနေသည့်နေမင်းကြီးကစိုးစံကာ အလင်းဖြန့်ကျက်နေပုံကလောကကြီးကိုလှပတင့်တယ်နေစေသည်။ ရှည်ရှည်ဝေးဝေးတွေပြောရတာမောပါသည်။ တစ်ခွန်းတည်းပြောရရင် ဓာတ်ဖမ်းဖို့တော်တော်လေးကောင်းသည့်နေ့တစ်နေ့ဟုပင်ပြောပါရစေတော့။
ထို့ကြောင့်ပဲများချင်သည့် လိပ်ပြာမဟုတ်သောဝက်ပေါက်တစ်ကောင်မှာ နေသာသည့်နေ့တွင် ဝရန်တာထွက်ကာကော်ဖီတစ်ခွက်နှင့်သာသာယာယာအနားယူချင်သည့်ယုန်တစ်ကောင်အနားတွင် တရစ်ဝဲဝဲလုပ်နေသည်။
"ကျန့်ကော"
"အင်း"
လက်ထဲမှစာအုပ်ကိုအကြည့်မလွှဲဘဲရှောင်းကျန့်ကအင်းလိုက်တော့ ဝမ်ရီပေါ်ကမကျေမနပ်ဖြစ်ဟန်ပြသည်။
"ကျန့်ကော ကျွန်တော့်ကိုကြည့် ကျွန်တော်ကိုကြည့်"
စာအုပ်ကိုင်ထားသည့်လက်ကိုဆွဲကိုင်ကာလှုပ်ရမ်းရင်းပြောလာတော့ ရှောင်းကျန့်မျက်ဆံတို့အသာပင့်ကြည့်လိုက်သည်။ အပေါ်အောက်နို့စိမ်းရောင်ကုတ်နှင့် ဘောင်းဘီအပွဝမ်းဆက်ဝတ်ကာ အတွင်းမှအမည်းရောင်ရှပ်တစ်ထည်ဝတ်ထားသည့်ဝမ်ရီပေါ်မှာ နေရောင်စူးစူးအောက်တွင်တောက်တောက်ပပဖြစ်နေသည်။
"အဲ့ဒါဘာစတိုင်တုန်း"
စာကြည့်မျက်မှန်အောက်ကဝင့်ကာကြည့်ရင်းမေးလာတဲ့ရှောင်းကျန့်ကြောင့် ဝမ်ရီပေါ်အားတက်သွားသည်။
"မိုက်တယ်မလား၊ ကျွန်တော်အရင် photo shooting တုန်းကသဘောကျတဲ့အင်္ကျီတွေသိမ်းထားတာလေ"
ငါ့ယောက်ျားကထူးထူးဆန်းဆန်းတွေသဘောကျတတ်မှန်းငါမသိခဲ့ဘူး...
မျက်မှန်ကိုလက်နှင့်ပင့်တင်ရင်း စူးစိုက်ကြည့်နေသေးတဲ့မျက်လုံးသွယ်သွယ်တွေကြောင့်ရီပေါ်တစ်ကိုယ်လုံးကိုလှည့်ပြလိုက်သည်။
"ကျွန်တော်ချောတယ်မလား"
"အင်း ချောတယ်"
ဘာစိတ်ကူးပေါက်ပြီး ဘာတွေဝတ်ထွက်လာသလဲမသိပေမယ့် မြန်မြန်နားအေးဖို့အရေးရှောင်းကျန့်အရေးသဘောထားကာ လက်မကလေးကိုထောင်ပြလိုက်သည်။ သို့ပေမယ့် ဒါကအရူးဘုံမြှောက်သလိုဖြစ်သွားမှန်းတော့ရှောင်းကျန့်မသိခဲ့ပါ။