"လွမ်းလိုက်တာကောရာ..."
"မင်းမနေ့ညကပဲ ငါ့ဆီကပြန်သွားတာမဟုတ်ဘူးလား"
နှုတ်ခမ်းကိုခပ်ဆဆမဲ့ရင်းပြောလိုက်တဲ့ရှောင်းကျန့်ကြောင့် ရီပေါ်နှာခေါင်းလုံးလုံးကိုရှုံ့လိုက်သည်။
"မနေ့ညကနေစပြီး ဒီနေ့မနက်အထိ ၅နာရီ ၂၈မိနစ် ၃၀စက္ကန့်တောင်ကောနဲ့ခွဲလိုက်ရပြီလေ၊ ဘယ်လောက်တောင်ဝမ်းနည်းဖို့ကောင်းလိုက်သလဲ"
ဒီအီတတ်တဲ့ခွေးပေါက်လေးကတော့...
ခေါင်းထဲမှအတွေးတို့နှင့်ဆန့်ကျင်စွာ အပြင်မှာတော့ဖုန်းစခရင်မ်ဆီကိုမျက်စောင်းလှလှလေးထိုးကျွေးလိုက်သည်။
"အပိုတွေ သိပ်သိပ်ပြော"
"ကောကကျွန်တော့်အချစ်တွေကိုမယုံသေးဘူးလား၊ ဒီလောက်သက်သေပြတာတောင်မယုံသေးဘူးလား"
မပြူးသောမျက်လုံးကိုအတင်းဖြဲရဲကာ ကက်ကက်လန်ပြောနေသောရီပေါ်ကြောင့် ရှောင်းကျန့်ခွိခနဲရယ်လိုက်သည်။
မယုံစရာလား...ဒီအချွဲလုံးလေးကိုလေ...သူတို့ရဲ့အိမ်ထောင်သက်တမ်းတောင်ဘယ်လောက်ရှိနေပြီလဲ?
ပြုံးစိစိဖြစ်နေသောရှောင်းကျန့်မျက်နှာကြောင့်ရီပေါ်မျက်နှာရှုံ့မဲ့သွားပြန်ပြီ။
"ကောကဗျာ...သံသယဝင်ရက်တယ် ကျွန်တော့်အချစ်တွေကို"
Heavy metal အသံနှင့်အော်ကြီးဟစ်ကျော်လုပ်နေသောဝမ်ရီပေါ်ကြောင့် ရှောင်းကျန့် တရှူးရှူးလုပ်ကာအတင်းတားလိုက်ရသည်။ မလုပ်လို့လည်းမဖြစ်ဘူးလေ၊ ဝန်ထမ်းတစ်ချို့က ဖုန်းတစ်လုံးနှင့်အလုပ်ရှုပ်နေတဲ့သူတို့မင်းသားကိုလှည့်ကြည့်လာပြီမဟုတ်ပါလား။
အခုဆိုရင်ဝမ်ရီပေါ်ရောက်နေသောနေရာက ရိုက်ကူးရေးနှင့်အတော်ဝေးသောမြို့စွန်တစ်နေရာတွင်ဖြစ်သည်။ လိုင်းမမိသာဖုန်းကြောင့် ဝမ်ရီပေါ်မှာရှောင်းကျန့်ကို VC ခေါ်ဖို့အတွက်မြို့ခံဝန်ထမ်းတစ်ချို့ကိုအဖော်ခေါ်ပြီး ရိုက်ကူးရေးနေ့တိုင်း ဖုန်းလိုင်းမိသောနေရာကိုလိုက်ရှာရလေ့ရှိသည်။ ပုံမှန်ဆိုရင် ဘယ်ဝန်ထမ်းမှဒီလိုလုပ်ပေးချင်မှာမဟုတ်ပေမယ့် ဝန်ထမ်းတော်တော်များများကတော့ဝမ်ရီပေါ်အတွက်ဘယ်လောက်ဝေးဝေးလိုက်ပေးပြီး ဖုန်းပြောပြီးချိန်အထိလည်းစောင့်ပေးကြသည်။ နေရာသိပြီဖြစ်သောကြောင့် လိုက်စရာမလိုတော့ကြောင်း၊ တစ်ယောက်တည်းသွားလို့ရပြီဖြစ်ကြောင်းပြောသော်လည်း စိတ်မချလို့ပါဟူသောအကြောင်းပြချက်နှင့် ဝမ်ရီပေါ်ဖုန်းပြောဖို့လိုက်ပို့ချင်သောသူများကတန်းစီလျက်ရှိကြသည်။ အဘယ့်ကြောင့်ဆိုသော် ဝမ်ရီပေါ်အပြင်ဖုန်းစခရင်မ်ပေါ်မှရှောင်းကျန့်ကိုပါ တိတ်တိတ်ချောင်းလို့ရသည့်အပြင်၊ ခွေးစာများလည်းတဝကြီးစားရသောကြောင့်ဖြစ်သည်။