ရှောင်းကျန့်စောင်တွေကိုပုခုံးပေါ်တင် ခေါင်းအုံးတွေကိုခါးထစ်ခွင်ကာယူထုတ်လာပြီး ဝရန်တာထွက်လာခဲ့သည်။
"နေလေးသာနေတာနဲ့အတော်ပဲ"
ကောင်းကင်ပေါ်မှာထိန်ထိန်ငြီးနေတဲ့နေရောင်ကိုလက်ကလေးကာကာ မော့ကြည့်ရင်းခပ်တိုးတိုးရေရွတ်သည်။ ပြီးနောက် ပုခုံးပေါ်ကမနိုင်မနင်းသယ်ထားတဲ့စောင်တွေကို ဝရန်တာပေါ်ဖြန့်ခင်းကာ အစွတ်ချွတ်ထားသောခေါင်းအုံးများကိုလည်းလက်နှင့်ခပ်ဖွဖွရိုက်လိုက်ကာ ဝရန်တာမှာချထားသော ကုလားထိုင်နှစ်လုံးပေါ်သို့တင်လို့သည်။ ထိုကုလားထိုင်လေးနှစ်လုံးကညဘက်လသာလျှင် ဝရန်တာထွက်ပြီးလင်လင်နှစ်ယောက်ထွက်ထိုင်ရအောင်ထုတ်ထားခြင်းဖြစ်သည်။ ထိုကုလားထိုင်နှစ်လုံးကိုကြည့်ပြီး ရှောင်းကျန့် လွန်ခဲ့သောညကအဖြစ်များကိုပြန်တွေးကာမျက်နှာကနီရဲလာသည်။
Flash Back >>>
"ကျန့်ကော ဘာလုပ်နေတာလဲ"
ကော်ဖီပူပူထည့်ထားသော couple mug ခွက်လေးကိုကိုင်ကာ ဝရန်တာတွင်ထိုင်နေသောရှောင်းကျန့်ကို အနောက်မှသိုးမွှေးစောင်လေးတစ်ထည်လွှမ်းခြုံပေးရင်း ရီပေါ်ကဆိုလာသည်။
"အေးကအေးနဲ့ဗျာ၊ ဖျားတော့မှာပဲ"
"အပြင်မှာလလေးကလည်းသာနေလို့လေ လောင်ဝမ်ရဲ့၊ ဆောင်းတွင်းမှာသာတဲ့လကအရမ်းလှတာ"
လရောင်ဝင်းဝင်းအောက်တွင် ယုန်သွားလေးနှစ်ချောင်းဖွေးနေအောင်ပြုံး၍ပြောလာသောချစ်ရသူကို ရီပေါ်အသည်းယားစွာဖြင့် ပါးထဲနှာခေါင်းလုံးလုံးထပ်နစ်ဝင်သွားအောင်ဖိကပ်နမ်းပစ်လိုက်သည်။
"သူများကျပြောတယ်၊ သူကျတော့အင်္ကျီအပါးလေးနဲ့"
မကျေမနပ်နှင့်စူပွပွဖြစ်နေသောရှောင်းကျန့်က သူ့ကိုခြုံပေးထားသောသိုးမွှေးစောင်လေးကိုဖြန့်လိုက်ကာ ရီပေါ်အပေါ်မှာပါထပ်ခြုံပေးလိုက်ပြီးသူကရီပေါ်ရင်ခွင်ထဲဝင်လိုက်သည်။
"ဒီလိုဆိုပိုနွေးသွားပြီ"
ကုလားထိုင်ကနေခြေဆင်းကာ အောက်ကိုခပ်လျှောလျှောထိုင်နေသောရှောင်းကျန့်က ခပ်မတ်မတ်ထိုင်နေသောရီပေါ်ရင်ခွင်ထဲတွင်အံဝင်ခွင်ကျဖြစ်နေသည်။ ရှောင်းကျန့်အောက်ကနေရီပေါ်မေးဖျားလေးကိုမော့နမ်းရင်း ပြောလိုက်တော့ရီပေါ်ကငုံ့ကာ ရှောင်းကျန့်နှဖူးလေးကိုနမ်းသည်။ ရင်ခွင်ထဲမှာမျက်လုံးလေးမှိတ်ကာနေသောရှောင်းကျန့်က လရောင်ထဲမှာပနံသင့်ကာလှနေသည်။