ခရစ္စမတ်ရဲ့ တေးသီချင်းသံတွေက ငြိမ့်ညောင်းလျက်။
မနက်စောစောက ကြားခဲ့သလို ကြေကွဲစရာ ဖြစ်မနေ။ကလေးတွေရဲ့ ဆူညံသံတွေရော မိသားစုရဲ့ စကားသံတွေကြောင့်ပါ ကျွန်မတို့အိမ်ကလေးက စိုပြေနေ၏။
ပျော်ရွှင်ကြည်နူးစရာအတိဖြစ်နေသည်။နှစ်သစ်ကို မိသားစုစုံစုံလင်လင် ရှိနေရခြင်းဟာ ကောင်းချီးမင်္ဂလာတစ်ပါးပါပဲ။
အထူးသဖြင့် ချစ်ရသူတွေ စုံလင်ရခြင်းကပေါ့။ကျွန်မကတော့ ပျော်နေရဲ့လားလို့ အထူးတလည်မေးခွန်းမထုတ်ချင်တော့ပါ။
ဆယ်နှစ်နီးပါး ကျွန်မ မေးခွန်းတွေ ထုတ်ခဲ့ပြီးပြီလေ။ကျွန်မရဲ့ပျော်ရွှင်မှုထက် အားလုံးပျော်ရွှင်စေဖို့ အဓိက ပိုကျသည်။
ကျွန်မရဲ့ ဒုတိယမြောက်အကိုဖြစ်သူ ပြန်လာတာကြောင့် အိမ်ကပိုပြီးလူစုံနေသည်။
ညီမလေးနဲ့သူ့အမျိုးသားရော ရောက်နေသည်။အိမ်ထဲမှာ စုထိုင်ကြရင်း ကြမ်းပြင်ပေါ်ထိုင်သူကထိုင်နှင့် လူစည်ကားနေပေမယ့်
အထီးကျန်နေသော ကျွန်မ မျက်နှာထက် အပြုံးက ယိုင်နဲ့နဲ့။ခရစ္စမတ်လက်ဆောင် လှဲလှယ်ဖြစ်ကြသည်။
တူမလေးတွေအတွက် စရောက်တဲ့နေ့ကထဲက လက်ဆောင် ခရစ္စမတ်အင်္ကျီအနီရောင်ဆင်တူကလေးလေးတွေ ပေးပြီး ကစားစရာ တချို့ပေးပြီးပြီဖြစ်သည်။အမေ့အတွက် သိုးမွေးအနွေးထည်တစ်ထည်ပေးဖြစ်သည်။
အကိုတို့မိသားစုတွေကို တစ်ယောက်စီမပေးချင်တာကြောင့်ရော တစ်မျိုးစီ ပစ္စည်းမဝယ်ချင်တာကြောင့် မိသားစု အတွက် ကျွန်မကိုယ်တိုင်ဆွဲထားသော သူတို့မိသားစုကိုယ်စီ ရေဆေးပန်းချီတစ်ချပ်စီပေးဖြစ်ခဲ့သည်။ညီမလေးတို့လင်မယားကိုတော့ သူတို့ချစ်သူဖြစ်တုန်းက ပုံကလေးဆွဲပေးသည်။
အမေကတော့ တစ်နှစ်ပတ်လုံး သူ့လက်နှင့် ထိုးထားသော ချည်အင်္ကျီကလေးတွေကို ကလေးတွေအတွက် ပေးသည်။
အကိုကြီးတို့မိသားစုကတော့ အမေ့အတွက် အဖိုးတန် ရွှေနားကပ်တစ်ရန် သူတို့ကိုယ်တိုင် ဆွဲထားသော ဒီဇိုင်းဖြင့် အမေ့အတွက်သီးသန့် ခရစ္စမတ်လက်ဆောင်ပေး၏။
အကိုလေးတို့မိသားစုကတော့ သာမန် ကျမ်းစာအုပ်ကလေးတွေသာ ပေးနိုင်ခဲ့သည်။
![](https://img.wattpad.com/cover/305153785-288-k830308.jpg)
ESTÁS LEYENDO
My Choice (Completed )