အခန်း ၁၁

1.1K 124 2
                                    

သရ၏စကာစကြောင့် ထမင်းဝိုင်းသည် တိတ်ဆိတ်သွားသည်။
ရုတ်ချည်းအေးစက်သွားသော သရအဖေ၏မျက်နှာက ပါးရိုးများ တင်းတင်းကြိတ်ထားသည့်နှယ် တင်းမာလာသည်။
ဇွန်းနှင့်ခက်ရင်းကို အသံမမြည်အောင်ပြန်ချထားပြီး
အဓိပ္ပာယ်မဲ့သောအကြည့်အေးစက်စက်တို့ဖြင့် ကျွန်မကို ကြည့်သည်။

ထိုအကြည့်တွေအောက်တွင် ကျွန်မ အေးခဲသွားသည်ထင်ရ၏။
ကျွန်မတစ်ကိုယ်လုံး လှုပ်ရှားမှုကင်းမဲ့ကုန်သည်။

စားပွဲအောက်မှ သရက ကျွန်မလက်ကိုလက်ဆုတ်ကိုင်လိုက်သည်။
သရလက်ကပဲ အစထဲက နွေးနေသည်လား ကျွန်မလက်ကပဲပုံမှန်ထက် အေးစက်နေ၍လားမသိ သရ၏ လက်ချောင်းလေးများကိုအားကိုးတကြီး ထွေးကိုင်ထားမိသည်။

အခု ကျွန်မတို့ဘာတွေလုပ်နေကြတာလဲ။
ကျွန်မတို့ ဘဝကို ရယ်သရာသဖွယ်ကစားနေမိကြသလား။

ဦးရှင်းသန့်က ထမင်းစားပွဲမှ နှေးကွေးစွာထရပ်လိုက်သည်။
မျက်နှာသည် တင်းမာနေဆဲဖြစ်သော်လည်း အပြုံးတစ်ခုကို ကျွန်မမြင်သာအောင်ပြ၏။

"သမီးစားလို့ပြီးရင် ဘရဏီ့ကို ခြံဝဆီလိုက်ပို့ပြီးသော့ခတ်ခဲ့။
ပြီးရင် ဒယ်ဒီ့ကို စာကြည့်ခန်းမှာလာတွေ့"

အေးစက်စွာ ထွက်သွားသည့် ဦးရှင်းသန့်ကျောပြင်ကိုကြည့်ရင်း ကျွန်မ ငိုချင်လာသည်။
သရဘယ်လိုတွေတွေးနေမလဲ ကျွန်မမသိချင်တော့။
ဘာတွေဆက်ဖြစ်လာမလဲ မတွေးချင်တော့။

ကျွန်မကို ပညာသားပါပါ နှင်ထုတ်လိုက်ခြင်းသည်။ သရနှင့်ကျွန်မကြား စည်းခြားသွားပြီဖြစ်မှန်း ကျွန်မယုံကြည်လိုက်ပါသည်။

အို..
အစကတည်းက စည်းတွေဟာ ခြားနေခဲ့တာပဲ။
ကျွန်မ ဆက်စားလို့မရတော့တာကြောင့် ထရပ်လိုက်သည်။

"ငါပြန်မယ်သရ။ ညစာအတွက်ကျေးဇူးတင်ပါတယ်။ လိုက်မပို့ပါနဲ့တော့"

ကျွန်မ လှည့်မကြည့်ပဲ အိမ်ရှေ့ကို ပြေးထွက်လာတော့ သရက နောက်မှ ကပ်ပါ၏။

"အိုင်းရစ်ဘာဖြစ်သွားတာလဲ"

"ဘာဖြစ်သွားတာလဲ?
ဘာဖြစ်သွားတာလဲတဲ့လား သရရယ်။
နင်ဘာတွေလျှောက်လုပ်နေတာလဲ။ နင်ဘာတွေတွေးနေတာလဲ။
နင်နဲ့ငါ့ကြားကကိစ္စကို သာမန်ကိစ္စလို နင်ဘယ်လိုများ လွယ်လွယ်နဲ့ ပြောထွက်တာလဲ။
ဒါတောင်မှပဲ ဘာဖြစ်သွားတာလဲလို့ ငါ့ကိုမေးတယ်နော်"

My Choice (Completed )Hikayelerin yaşadığı yer. Şimdi keşfedin