Unicode...
ဘေးအိမ်က လူကြီးဟာ ညို့ကိုရင်ခုန်အောင် သိပ်လုပ်တာပဲ။ ညို့ရဲ့ မိဘတွေကိုတောင် နှစ်ပေါင်းများစွာလျှိုထားတဲ့ လျှို့ဝှက်ချက်ကြီးကို အိမ်ပြောင်းလာချင်းမှာပဲ အဲလူကြီးက ချက်ချင်းသိသွားတယ် ကြည့်စမ်း။ ဘယ်လောက်တောင် သွက်လိုက်တဲ့ လူကြီးလဲ။
သူ့နေရာမှာ တခြားလူသာဆို ညို သေချာပေါက် အရှက်ကွဲမှာပဲ။ ဒါပေမဲ့ အဲလူကြီးကတော့ ညို့ရဲ့လျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးထားတယ်တဲ့လေ။
ဒါ့အပြင် ခိုင်ခိုင်တို့တွေ လှုပ်လှုပ်ရွရွဖြစ်သွားတဲ့ မုန့်လင်မယားပိုင်ရှင်ကလည်း သူတဲ့လေ။ ဘုရားပွဲ သုံးရက်စလုံး ညို့ကို လိုက်ကြည့်နေခဲ့တယ်တဲ့။ လူရမ်းကားတွေဆီကနေလည်း ညို့ကို ကာကွယ်ပေးလိုက်သေးတယ်။
အို... ဘာတွေလဲ ကိုမင်းထွဋ်ရယ်...။ ညို့ရင်တွေ ပေါက်ထွက်တော့မယ်။ ကိုမင်းထွဋ် ဒါတွေကို ဘာအတွက် လုပ်သလဲကွယ်။ ညို သိပ်သိချင်မိတယ်။
'ကိုယ့်ကို ယုံလို့ရပါတယ်ကွယ်' တဲ့။ ယုံချင်တာပေါ့ ကိုမင်းထွဋ်ရယ်။ မနေ့ညက ကိုမင်းထွဋ်နဲ့အတူတူရှိနေတဲ့တစ်လျှောက်လုံး ညို ရင်ခုန်နေမိတာ ဝန်ခံပါတယ်။ ယောက်ျားတစ်ယောက်က ညို့ကို သက်တောင့်သက်သာဖြစ်စေမဲ့ရပ်ဝန်းလေး ခဏတာပဲဖြစ်ဖြစ် ဖန်တီးပေးတာ ကိုမင်းထွဋ် ပထမဆုံးပါ။
အဲဒါကြောင့်ထင်တယ်။ ကြောင်တောင်တောင် ကတိကြီးကို အလွယ်တကူပေးလိုက်မိတယ်လေ။ ယောက်ျားတစ်ယောက် ညိုကတာကို ကြည့်နေမှာ သိသိကြီးနဲ့ ကပြရမယ်ဆိုတာ တကယ်ကို ကြောင်တောင်တောင်နိုင်တယ်မလား။ ဒါလည်း ညို့အတွက် ပထမဆုံး အရဲစွန့်ခြင်းပဲ။ ဒါပေမဲ့လည်း ခေါင်းညိတ်ခဲ့တယ်လေ။ ကိုမင်းထွဋ်ဖြစ်နေလို့ကို ယုံလိုက်တာ သိရဲ့လား လူကြီးရဲ့။
"သွေးသစ်... ဟဲ့ သွေးသစ်!"
ညို့အတွေးတွေထဲ ဟိုလူကြီးစိုးမိုးနေလိုက်တာ လက်ရှိအခြေအနေကိုတောင် မေ့နေတဲ့အထိပဲ။ ထမင်းစားနားခန်းမှာ ညိုတို့တွေ အလှည့်ကျထမင်းစားနားတဲ့အချိန်ပေါ့။ လှကြည်သာက ညို့လက်မောင်းကို ရိုက်ပြီးခေါ်တယ်။
YOU ARE READING
ခြံစည်းရိုးတစ်ဖက်က ယုဇနပန်းငယ်