အချစ်ဆိုသည့်အရာကို ချစ်သောသူနှင့် အတူကျော်ဖြတ်ရင်း အချစ်နှင့်စတွေ့ရာနွေဦးလေးသို့ တစ်ဖန်ပြန်ရောက် လာခဲ့ပြန်သည်။ နွေဦးဆိုလျှင် စိတ်တွေကအစ ကြည်လင်နွေးထွေးနေတာမျိူး။ ချစ်ရသူကိုဘေးမှာထားပြီး သည်နွေဦးလေးကိုဖြတ်သန်းရတာလောက် ကြည်နူးစရာ မရှိ။
ခွန်း တို့ကျောင်းက တက္ကသိုလ် ဝင်စာမေးပွဲ ကြီးပြီးသည်နှင့် ဒေါ်ယုယမြိုင်၏ ဆင်ခြေဖုံးရပ်ကွက်ထဲက တစ်ထပ်တိုက်ပုလေးဆီကို တိမ်တိုက်တို့နှစ်ယောက် ပြန်လာနေသည်။ သည်အချိန်ဆို မြို့ကြီးပြကြီးတွေက နေရတာ သိပ်စိတ်ရှုပ်ဖို့ကောင်းသကိုး။ ထို့ကြောင့် နှစ်ဦးသဘောတူဖြင့် နွေရာသီတွေဆို ဒေါ်ယုယမြိုင်အိမ်မှာ အတူလာနေကြပြီး သင်္ကြန် ပြီးလျှင်တော့မြို့ထဲ ပြန်နေကြမည်။
အခုလည်း အိမ်ရှေ့က ပိတောက်ပင်အောက်တွင် ခွန်းရော တိမ်တိုက်ရော စာအုပ်တစ်အုပ်စီကိုင်ကာ ကော်ဖီသောက်ရင်း စာဖတ်နေကြသည်။
တိမ်တိုက်ကတော့ခွန်းဖျော်ပေးထားသော မိုင်ကော်ဖီကိုသောက်ပြီး ခွန်းကတော့ ရိုးရိုး ကော်ဖီပင်။တိမ်တိုက်ကိုင်ထားသော စာအုပ်ကတော့ သူအခေါက်ပေါင်းများစွာဖတ်ပြီးနေပြီဖြစ်သော ဂျူး၏ '' မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက် '' ပင်။
ထိုစာအုပ်ကို မောင်နဲ့ ချစ်သူဖြစ်ပြီးတဲ့အချိန်မှာ ပိုသဘောကျနှစ်ခြိုက်လာခဲ့တာပင်။ မောင်က ထိုစာအုပ်ထဲမှ ဇာတ်ကောင် ယုမော်၏ စရုိက်မျိူးရှိသည်။ သူ၏ ပညာ သူ၏ မာန သူ၏ သိက္ခာ တွေကိုသာ ရှေ့တန်းတင်ကာ အလေးထားသူဖြစ်သည်။
အရင်က သက်နှင်းအိမ် လို လူမျိူး ဘယ်တော့မှ မလုပ်ဘူးဟု ကြွေးကြော်ခဲ့ဖူးတာကိုတောင် အခု ရီချင်မိသည်။ ဘယ်လိုနေနေ မောင့်အနား က ထွက်မသွားချင်ခဲ့ဘူးလေ။ ဘယ်လောက်ပဲ စွန့်လွှတ်ရရ နစ်နာ ရရ မောင့်အနားမှာပဲ မောင့်အလိုကို ဖြည့်ဆည်းပေးချင်ခဲ့သည်။
တစ်ခါတလေ တစ်ကိုယ်ကောင်းဆန်တတ်သော မောင်ကြောင့် သက်နှင်းအိမ်လို ခပ်နာနာ တွေ ပြောပစ်ချင်လိုက်ပေမယ့်လည်း ဒီလူသားက မောင့်ဆို မျက်လုံးတောင်လှန်မကြည့်ရဲလောက်အောင် ချစ်ကြောက်ရိုသေခဲ့ရသည်မလား။
YOU ARE READING
NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)
Randomဤဘဝအတွက် တာဝန်ဟာ မောင့်ထံပါး ချစ်ခြင်းတို့နှင့် ခစား၍သာ အဆုံးသတ်ပေလိမ့်မည်။ ............. Start - 19.2.2022 End - 25.8.2022