အလွှမ်း သူ့အိမ်ရှေ့ကို ရုတ်တရက်ရောက်လာသည့် ရန့်ကို အံ့အားသင့်စွာကြည့်နေမိသည်။ခုနကပဲပြန်သွားတာမို့ တစ်နာရီလောက်သာ ကြာဦးမည်ဖြစ်သည်။
"ဘာဖြစ်လို့....."
သူ့စကားတောင် မဆုံးသေးခင် ရန်ပွေ့ဖက်တာကို ခံလိုက်ရသည်။
"ရန်"
"ခဏလောက် ဖက်ထားပါရစေ"
အလွှမ်းလည်း ရန်ဘာဖြစ်လာမှန်း မသိသည်မို့ နောက်ကျောလေးကို ခပ်ဖွဖွပုတ်ပေးလိုက်သည်။
"စိုးရိမ်စရာတွေ ရှိလို့လား"
"မဟုတ်ဘူး။ရင်ဘတ်ထဲက အရမ်းနာနေလို့"
"ဟင်...ဒါဆို ဆေးခန်းသွားရအောင်"
အလွှမ်း ဖက်ထားသူဆီက ရုန်းပေမဲ့ အားမသာသည်မို့ လုံးဝမရပေ။
"ဆေးခန်းမလိုပါဘူး။မင်းရှိနေပေးဖို့ပဲ လိုတာ။အဲ့တော့ ကိုယ့်ကို မလွှတ်လိုက်နဲ့"
အလွှမ်း ထပ်မရုန်းတော့ဘဲ ရန့်ကိုသာ တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်သည်။ပြီးနောက် တစ်ဖက်လူပြောလာမည်များကို နားထောင်ပေးရန် စောင့်နေမိသည်။
"ကိုယ်သိလာခဲ့တယ်"
"ဘာကို..."
"မင်းရဲ့လက်အကြောင်း"
"......."
အလွှမ်း ဘာပြန်ပြောရမှန်း မသိတော့ပေ။သူနာကျင်ခဲ့လို့ သူ့အစားဝမ်းနည်းနေသည့် ရန့်ကို နှစ်သိမ့်ပေးရမလား။ဒါမှမဟုတ် သူပဲ ရန့်ဆီကနေ နှစ်သိမ့်ခံလိုက်ရမလား။
"ကိုယ်အဲ့တုန်းက မင်းရဲ့ပုံစံကို မြင်ယောင်ကြည့်မိတယ်။မမြင်ယောင်ရဲလောက်အောင်ကို နာကျင်မိတယ်။လူတွေက နာကျင်မှာကို ကြောက်ကျတဲ့သူတွေချည်းဘဲ။နာကျင်ရမှာကို ကြောက်ကြလွန်းလို့ ကိုယ့်ကိုယ်ကို အပ်နဲ့တောင် မထိုးရဲကြဘူး။ဒါပေမဲ့ မင်းကတော့ သိသိရက်နဲ့တောင် အစားခံပေးတယ်။အဲ့အချိန် မင်းက လက်ကနာကျင်မှုထက် နှလုံးသားထဲက ပိုနာကျင်ခဲ့မှာ။အနည်းဆုံး မင်းသူဆီကနေ 'ငါ့အစားဝန်ခံပေးလို့ ကျေးဇူးပါ'ဆိုတဲ့စကားတစ်ခွန်းတော့ ကြားချင်ခဲ့မှာပေါ့"
YOU ARE READING
First person
Romance"ရန်...ကျွန်တော်တို့တွေက အမြဲတမ်း ဒုတိယလူတွေ ဖြစ်ခဲ့တာ။အဲ့တော့ ကျွန်တော်တို့အချင်းချင်း ပထမလူ ဖြစ်ကြရအောင်"