ရန့်အဖေဟာ ရန့်ဘေးက အလွှမ်းကို ကြည့်လိုက်သည်။ကောင်လေးက ရည်မွန်ပုံပေါက်ကာ သူ့သားထက်ငယ်ပုံရသည်။အစက မကြည်ဖြူချင်သည့်စိတ်ကြောင့် သေချာမကြည့်ခဲ့ကာ အခုကြည့်မိတော့ အနည်းငယ်စိတ်ပျော့သွားသည်။
အနည်းဆုံးတော့ ကောင်လေးက လိမ္မာရေးခြားရှိသူဖြစ်သည်။ရိုင်းစိုင်းသည့်ကလေးဆိုရင် အစောနထဲက ငြိမ်နေလိမ့်မည် မဟုတ်ပေ။
"နှစ်ယောက်စလုံး လာထိုင်ကြ။ထမင်းအတူစားရအောင်"
ရန်နဲ့အလွှမ်းဟာ ထိုစကားကြောင့် တစ်ယောက်နဲ့တစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြသည်။ရန်က အလွှမ်းအတွက် ခုံကိုရွေ့ပေးကာ အရင်ထိုင်စေပြီးမှ ဝင်ထိုင်လေသည်။
ပြီးနောက် စောနကလုပ်ခိုင်းခဲ့သည့် အုန်းနို့ဆန်ပြုတ်ကိုလည်း ယူလာခိုင်းလိုက်သည်။အလွှမ်းအနေနဲ့ အမာစားလို့မဖြစ်သလို ရိုးရိုးဆန်ပြုတ်စားခိုင်ရအောင်လည်း လူမမာမဟုတ်သည့်အတွက် အုန်းနို့ဆန်ပြုတ်လုပ်ခိုင်းလိုက်တာဖြစ်သည်။
ရန့်အဖေက ဆန်ပြုတ်ပန်းကန်ကိုမြင်တော့ အလွှမ်းကိုကြည့်ကာ မေးလိုက်သည်။
"နေမကောင်းဘူးလား"
"မဟုတ်ပါဘူး...အန်ကယ်။အဲ့ဒါက....."
"သူအမာစားလို့မရလို့ပါ"
အဟွတ်ဟွတ်
ချောင်းထဆိုးသူကတော့ လင်းကမ္ဘာမာန်ပင်။အမာစားလို့မရဘူးဆိုထဲက အထာနပ်သွားလေသည်။ရန့်အဖေနဲ့အမေကတော့ မရိပ်မိတာကြောင့် ထပ်မေးလာသည်။
"ဘာဖြစ်လို့လဲ။ဗိုက်မကောင်းလို့လား"
"မဟုတ်..."
"ဟုတ်...ဟုတ်တယ်အန်တီ။ဒီတလော အစားမှားပြီး ဗိုက်မကောင်းဖြစ်နေတာ"
အလွှမ်း ရန့်ကို အမြန်တားလိုက်ရသည်။အခုမှစတွေ့သည့် ယောက္ခမတွေက သူ့အပေါ် အမြင်မဆိုးစေချင်ပါ။သူတို့သားအိမ်အထိလာပြီး သူတို့သားနဲ့ လာအိပ်တယ်ဆိုတာက သူ့ကို တစ်မျိုးထင်စေနိုင်သည်။ပြီးတော့ ရှက်ဖို့လည်း ကောင်းသည်မဟုတ်ပါလား။
ရန်ကလည်း ရိပ်မိတာကြောင့် ထပ်မပြောတော့ပေ။ဆက်လက်ပြီး ရန့်အဖေက အလွှမ်းကို မေးခွန်းနည်းနည်းလောက် မေးပြန်သည်။
VOUS LISEZ
First person
Roman d'amour"ရန်...ကျွန်တော်တို့တွေက အမြဲတမ်း ဒုတိယလူတွေ ဖြစ်ခဲ့တာ။အဲ့တော့ ကျွန်တော်တို့အချင်းချင်း ပထမလူ ဖြစ်ကြရအောင်"