မုန့်ဟင်းခါးဆိုင်ရှေ့ရောက်တော့ ရန်က ကားပေါ်ကအရင်ဆင်းပြီး အလွှမ်းအတွက် ကားတံခါးဖွင့်ပေးသည်။အလွှမ်းကားပေါ်ကဆင်းတော့ သန့်ရှင်းသပ်ရပ်စွာပြင်ဆင်ထားသည့် ဆိုင်လေးကို တွေ့လိုက်ရသည်။
ဆိုင်က နာမည်ကြီးသည်ထင်ပါရဲ့။လူတွေအများကြီးနဲ့ ပြည့်နှက်နေကာ ထိုင်စရာနေရာတောင် မရှိတော့ပေ။ရန်က ဒီလိုအခြေအနေကို ကြိုတင်တွက်ပြီးသားမို့ သူ့လက်ကိုဆွဲကာ ဆိုင်အတွင်းသို့ ခေါ်သွားသည်။
အထဲရောက်မှ လွတ်နေတဲ့စားပွဲတစ်လုံးကို ထောင့်နားမှာ တွေ့လိုက်ရသည်။ရန်က စားပွဲပေါ်ကတစ်ရှူးဘူးထဲမှာ တစ်ရှူးကိုထုတ်ကာ သူထိုင်မည့်ခုံအား သုတ်ပေးလေသည်။
အလွှမ်း ရန့်ရဲ့ ဒီလိုဂရုတစိုက်အကျင့်လေးတွေကို တကယ်သဘောကျပါသည်။ကိုယ့်အပေါ် ဂရုစိုက်တဲ့သူကို ဘယ်သူကများ မကြိုက်ဘဲနဲ့ နေမှာလဲ။သူလည်း ချွင်းချက်မဟုတ်ပေ။
အလွှမ်းထိုင်ခုံကိုသုတ်ပေးပြီးတော့ ရန်က သူ့ထိုင်ခုံသူသုတ်ကာ ဝင်ထိုင်လိုက်သည်။ဆိုင်ရဲ့ menuကို အလွှမ်းအားပေးရင်း
"ဒီဆိုင်မှာ အသုပ်အစုံလည်းရတယ်။မုန့်ဟင်းခါးတစ်မျိုးထဲနဲ့မလောက်ရင် ထပ်မှာလို့ ရသေးတယ်။ဒီအနီးအနားက ကားသမားတွေအကုန်လုံး အမြဲဒီဆိုင်မှာဘဲ မနက်စာစားကြတာမို့လို့ ဒီလိုအချိန်က လူအရှုပ်ဆုံးဘဲ။ကိုယ်တောင် ခဏခဏလာစားနေကျမို့ အထဲမှာ ထိုင်ခုံလွတ်နိုင်မှန်း သိနေတာ။မဟုတ်ရင် အထဲမဝင်ကြည့်ဘဲ လူပြည့်နေတယ်ဆိုပြီး ပြန်လှည့်ဖြစ်လောက်တယ်"
အလွှမ်း ခေါင်းငြိမ့်လိုက်ပြီး menuကိုကြည့်လိုက်သည်။သူ့အနေနဲ့ မုန့်ဟင်းခါးတစ်ပွဲထဲနဲ့ လောက်တာမို့ ထပ်မကြည့်တော့ဘဲ ပြန်ချထားလိုက်သည်။
"မုန့်ဟင်းခါးဘဲမှာတော့မယ်။မနက်ခင်း အများကြီးမစားနိုင်လို့"
"ကောင်းပြီ။ဘာအကြော်နဲ့စားမလဲ"
"ဘူးသီးကြော်"
"ကိုယ်မှာပေးမယ်"
ရန် စားပွဲထိုးအား လှမ်းခေါ်ကာ အလွှမ်းအတွက် မုန့်ဟင်းခါးတစ်ပွဲနဲ့ သူ့အတွက် အုန်းနို့ခေါက်ဆွဲတစ်ပွဲမှာလိုက်သည်။ပုံမှန်ဆိုရင် စားပွဲထိုးက သူတို့ဆိုင်ထဲဝင်တာနဲ့ ဘာမှာမလဲလို့ လာမေးမှာဖြစ်ပေမဲ့ အခုက တော်တော်အလုပ်ရှုပ်နေသည်မို့ ခေါ်မှာရခြင်းဖြစ်သည်။
ESTÁS LEYENDO
First person
Romance"ရန်...ကျွန်တော်တို့တွေက အမြဲတမ်း ဒုတိယလူတွေ ဖြစ်ခဲ့တာ။အဲ့တော့ ကျွန်တော်တို့အချင်းချင်း ပထမလူ ဖြစ်ကြရအောင်"