မနက်စောစော... ။
ကျီကျီကျာကျာ မြည်ကြွေးနေသည့် ငှက်ငယ်ကလေးတို့၏ အသံဟာ တိတ်ဆိတ်သော ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားသည်။
အိပ်ရာစောစောနိုးနေတတ်သည့် အကျင့်မှာ လူကြီးမဟုတ်သေးသည့် လက်တောင့်လောက်အရွယ် ပိစိပေါက်စတို့၏ အလုပ်။
အေးမြလွန်းသည့် ဆောင်းဥတုမနက်စောစောမှာ ဂွမ်းဘောင်းဘီအောက်က ခြေသလုံးဖွေးတုတ်တုတ်ဟာ ခြံထဲဆင်းဖို့အတွက် အသင့်ပြင်နေသည်မှာ တောက်တောက် တောက်တောက် ။
"ဘယ်သွားမလို့တုန်း"
"ပန်းခူးမို့"
လက်သီးဆုပ်ကလေးတွေဆုပ်လို့ ခြေထောက်တိုတိုလေးတွေဟာ သုံးဆင့်သာပြုလုပ်ထားသည့် ကွန်ကရစ်လှေကားတွေကို အားယူကာ ဆင်းလို့။
ချစ်စဖွယ် နှုတ်ခမ်းထူထူရဲရဲဟာ ဆောင်းအအေးဒဏ်ကြောင့် အက်ကွဲခြင်းမရှိ... သစ်လွင်လွန်းသည့် ခန္ဓာကိုယ်ပိစိလေးက သွက်သွက်လက်လက် ဖြစ်လွန်းနေသည်။
"ဝမ်ကျယ်... ချော်လဲမယ်နော့်"
"ချော်လဲဝူး"
ဖင်ကလေး လှုပ်လီလှုပ်လဲ့ဖြင့် အိမ်အနောက်တံခါး အပြင်ဖက်ကို ထွက်သွားသည်။ အဘွားဖြစ်သူမှာတော့ ရင်တမမနှင့် ဟင်းအိုးကို တစ်လှည့်၊ တစ်ဦးတည်းသော မြေးအနှစ် ရင်နှင့်သည်းချာလေးကို တစ်လှည့် ဂရုစိုက်စွာ စိုးရိမ်တကြီး လိုက်ကြည့်နေရသေးသည်။
အနွေးထည်ထူထူလေးနှင့် ဖွေးတုတ်တုတ် ဝမ်ကျယ်တစ်ဖြစ်လည်း ဝမ်ရိပေါ်လေးက ခြံကျယ်ကြီးထဲရှိ ပန်းပင်တွေဆီ လမ်းလျှောက်ကာ သွားနေ၏။
အသားဖွေးဖွေးဟာ အအေးဒဏ်ကြောင့် နီစွေးစွေးလေး။ ဘွားဘွားစိုက်ထားသည့် သစ်ခွပင်တွေဟာ ရိပေါ်အတွက်တော့ ဆော့စရာပင်။