ရွှံ့လူးသွားသော အာလူးတစ်လုံးအကြောင်း
•
•
•အာလူး စိတ်ခံစားချက်လေး ပျော်ရွှင်နေသည်။ လေပူဖောင်းကလေးလို ပေါ့ပေါ့ပါးပါးနှင့် လူက မြောက်တကြွကြွဖြစ်နေသေး၏။
"ကိုကိုကလည်း လာသေးဝူး"
နှုတ်ခမ်းလေးထော်ကာ လက်မှ ခြင်ပြေးလက်ပတ်နာရီလေးအား ဟန်ပါပါမြှောက်ကြည့်လိုက်သေးသည်။
"တစ်နာရီတောင်ထိုးနေပြီ"
"အာလူးရေ"
ပျင်းပျင်းနှင့် ခုံမြင့်ပေါ်မှာထိုင်ရင်းခြေထောက်လေးတွေကို လှုပ်ကာလှုပ်ကာ စောင့်နေတုန်း ကိုကို့အသံကြားလိုက်ရတော့ ကျောကလေးမတ်သွားသည်။
"ကိုကိုလာပြီ"
ထိုင်ခုံပေါ်ကခုန်ချလို့ အပြေးလေးသွားလိုက်သည်။
"ကိုကို..."
အာလူး ကိုကို့ကိုပြေးပြီးဖက်လိုက်သည်မှာ လုံးကနဲ။
"ကိုကို့ကိုသတိတွေရနေတာ"
ပြောရင်းနှင့် ရှောင်းကျန့်၏ဗိုက်ပေါ် မျက်နှာအပ်လိုက်သေးသည်။ ကိုကိုက အရပ်တော်တော်ရှည်သည်။ အာလူးက လုံးလုံးပုစိကလေးဖြစ်နေတုန်းမို့ကိုကို့ကို မော့ကြည့်ရတုန်းပင်။
"ကိုကိုကလည်း သတိတွေရနေတာ"
"ကျန့်ကျန့် ... ရောက်ပြီလား ။ လာ... သား ဘွားဘွား ငါးမုန့်ကြော်ထားတယ်"
တောင်ပေါ်ဒေသမို့ ငါးမုန့်ကြော်စားရသည်မှာ ခပ်ရှားရှားပင်။ အာလူးဆီမှလည်း 'လာ ကိုကို ငါးမုန့် ရမ်းကောင်း' ဟူသော ထောက်ခံအားပေးသံက ထွက်လာသေးသည်။
"ကိုကိုက အကြာကြီးနေမှာလား"
"ဟုတ်တယ် ကိုကိုတနေကုန်အာလူးနဲ့ နေမယ်လေ"
ရှောင်းကျန့်က ကျောင်းတက်နေတဲ့သူမို့ အာလူးဆီကို အချိန်ရရင်ရသလို ဒီနေ့လို တနေကုန်လာလည်တတ်သည်။
အာလူးက ကိုကို့ကိုကြည့်လိုက်သည်။ ကိုကို့မျက်လုံးလေးတွေက လှလှလေး။ ပြီးတော့ ကိုကို့သွားက ကြီးကြီးလေး။ မျက်လုံးကိုပြန်ကြည့်တော့ ရှည်ပြီးစင်းစင်းကလေးဖြစ်နေသည့် မျက်တောင်တွေကို သဘောကျလို့ အာလူးက လက်ညှိုးလေးနှင့် ဖွဖွလေးသွားထိလိုက်သည်။