အာလူးတစ်လုံး ခြံထဲမှာ။
"လက်ကို သေချာမြှောက်ထား"
ကွေးနေသည့် လက်တိုတိုကလေးတွေကို ကောင်းကင်ပေါ် ဆန့်ထုတ်ထားရသည်။
ဘွားဘွားက တကယ်ပဲ။ ပန်းပင်လေး ချိုးမိတာကို အပြစ်ကြီးကျလို့။
စူစူပုပ်ပုပ်နှင့် အာလူးဟာ ခြေထောက်တွေရော လက်တွေပါ ညောင်းလှပါပြီ။
"ဘွား... "
"ဘာမှမကြားချင်ဘူး"
ဝမ်ရိပေါ်လေး နှုတ်ခမ်းစူသွားပြီ။ ညှိုးငယ်နေတဲ့ မျက်နှာလေးက မျက်လွှာချလျက်။ နည်းနည်းတော့ ငိုချင်လာသည်။
ဘွားဘွားက အတည်ကြီး စိတ်ဆိုးနေတာ။
ဒါကို ဝမ်ရိပေါ်က ဘာမှမတတ်နိုင်ဘူး။ ဘိုးဘိုးလည်း ဘာမှမတတ်နိုင်ဘူး။ မနေ့ကတည်းက အိမ်ပြန်သွားတဲ့ ကိုကိုလည်း ဘာမှမတတ်နိုင်ဘူး။ဝမ်ရိပေါ် စိတ်တော်တော်ညစ်ပါသည်။
"အီးယား... ညောင်းနေပြီယို့!!!"
ရိပေါ် ကြမ်းပြင်ပေါ် ခွေခနဲ ထိုင်ချလိုက်သည်။
"ပြန်ထနော်"
"ဘွားဘွားကလည်း... သား လုပ်တော့ဝူးလေ"
ဘွားဘွားက တကယ်ကြီး စိတ်ဆိုးနေတာ...
ရုပ်ကြီးကို တည်တည်ကြီးလုပ်ထားတာ။ရိပေါ် ဝမ်းနည်းလာသည်။
အဟင့်...။
ရှိုက်သံဟာမရဲတရဲ။
"ငါးမိနစ်လောက် လက်မြှောက်ခိုင်းတာကို တကတည်း ဖြစ်ပျက်နေလိုက်တာ"
ဘွားဘွားက ပြောရင်း သူ့ကို လာချီသည်။ ပိုပြီး ဝမ်းနည်းတော့ မျက်ရည်တွေက ပိုးပိုးပေါက်ပေါက်ကျလာသည်။
အဲ့လောက်လှတဲ့ ပန်းကလေးကို ခူးချင်တာ ရိပေါ် အပြစ်လားလို့!!! ပြောကြပါဦး
ရိပေါ်လေးရဲ့ ဝမ်းနည်းစိတ်ဟာ လှိုက်ကာ လှိုက်ကာ တက်လာသည်။ ငိုသည်။ အကျယ်ကြီး အော်ငိုပစ်လိုက်သည်။
ဘာမျှ မတတ်နိုင်သည့် ဘိုးဘိုးလည်း အိမ်ထဲကနေ အပြေးထွက်လာသည်။
"ဘိုးဘိုး... "
ငိုကြီးချက်မနှင့် သူ့အဘိုးဆီ လက်လှမ်းသည့် ဝမ်ကျယ်ဟာ အလည်လေးပင်။