ညနေစောင်းအချိန်တစ်ခု...။
နေလုံးကြီး ဝင်ခါနီးမို့ ကောင်းကင်တခွင်ဟာ လိမ္မော်ရောင်သမ်းနေသည်။ ငှက်ကလေးများ အိပ်တန်းတက်မည်မို့ ဟိုကို သည်ကို ပျံဝဲလျက်။ လေပြေအေးအေး တိုက်ခတ်လေတော့ ခေါင်းလုံးလုံးပေါ်မှာ ဆံပင် လုံးလုံးကလေးက ဝေ့ကနဲ ဝဲကနဲ။
ခြံကျယ်ကြီးထဲမှာ အနွေးထည်ထဲမြုပ်နေသည့် လူပေါက်စလေးဟာ လက်တစ်ဖက်ကို မြှောက်လို့ လှုပ်လီလှုပ်လဲ့ လျှောက်သွားနေသည်။
သူ့နောက်မှာတော့ ဘဲပေါက်စလေးများဟာ သူ့ကဲ့သို့ လှုပ်စိစိ။
"ပေါ်ပေါ့်ရထားကြီး စထွက်ပါပြီ... "
ပါးစပ်က ရေရွတ်သံမှာ မပီမသနှင့် အသည်းယားစရာ။
"ရှင့်မြေးကိုသွားခေါ်ဦး.. ဘဲ မအေက လိုက် ဆိတ်လို့ အာပြဲနဲ့ အော်ငိုဦးမယ်"
"နေပါစေကွာ... ကလေးသဘာဝပဲ... "
အိမ်ထဲက လှမ်းကြည့်နေသည့် အဘိုးနှင့်အဘွားက တကြိတ်ကြိတ်တွတ်ထိုးလျက်။
"ဒီမှာ ငြိမ်ငြိမ်နေနော်... လိုက်ခဲ့နဲ့"
လူစကား မသိသည့် ဘဲပေါက်စလေးများက လူသေးသေးလေးနောက်ပဲ လိုက်ချင်သည်။
"ဟာ မလိုက်ပါနဲ့ဆို"
ဝမ်ရိပေါ်လေး စိတ်တိုလာသည်။ မလိုက်နဲ့ပြောလဲ နားမထောင် တော်တော်ဆိုးတဲ့ ဘဲ။
"ဝမ်ခေါင်းဆောင် ပြောနေပါတယ် အားလုံးသတိ"
ဘဲပေါက်ကလေးများသည်လည်း ဂရုမစိုက် ။ အနောက်ကိုသာဆက်လိုက်နေသည်။
စိတ်မရှည်တော့သည့် ရိပေါ်က ဖိနပ်ကို ချွတ်ကာ အမြန်ကြီး ပြေးထွက်လာသည်။
အွတ်...
မောက်လျက်သားလဲတော့ ကြမ်းပြင်ပေါ်ကို အာလူးတစ်လုံးလိမ့်သွားသလိုပင်။
လက်ဖဝါးဖွေးဖွေးဟာ မြေကြီးကိုထောက်ကျလိုက်ခြင်းကြောင့် ခပ်ရဲရဲ။
"ဟင့် နာ..."
"ဟယ်... မိုးပေါ်မှာ လိပ်ကြီး!"
ဘွားဘွားက ခြံထဲ ဆင်းလာပြီး ကောင်းကင်ကို တမော့မော့နှင့် လက်ခုပ်လက်ဝါးတီးလျက်။