"အချိတွက်နဲ့ ရက်သောက်တာ ဘာချိုင်လို့ယဲ... ကိုကိုးရဲ့ဘွကို ချုံးမပေးပါနဲ့ ...
ကိုကိုထင်ရာ လုပ်နက် ရှိုးရိန်လို့ ကြောမယ် ရှိုတ်ညစ်ရင် ဂစ်တာတီးပါရား ကိုကိုရယ်"
ဘယ်က ကြား ကြားလာမှန်း မသိတဲ့ သီချင်းတွေ အော်အော်ဆိုတတ်တာ ကလေးသဘာဝဖြစ်တာကြောင့် အာလူးတစ်လုံး ခြံထဲမှာ သုံးဘီးဆိုင်ကယ်လေးကို တရွေ့ရွေ့စီးရင်း အကျယ်ကြီး အော်ဆိုနေသည်။
"ကိုကို ချိန်မှန် ချားပါ ..."
"ကိုကို ချိန်မှန် အိပ်ပါ"
"အရွမ်းဆွေးကို တချင်းရေးပါနော်~"
"ကိုကိုတီးပေါ့ကွယ် ဝမ်ကျယ်လေးရှိတယ်..."
အာလူး ကိုကို့ကို သိပ်သိပ်သတိရနေပါသည်။ ကိုကိုက သူ့မာမားတို့ရဲ့ တာဝန်ကျရာကို ခဏလိုက်လည်တာကြောင့် အာလူးလေးက လေနှင်ရာလွင့်နေရပါသည်။
အာလူးကိုသတိရရင် ဂစ်တာတီးဖို့ပြောချင်ပေမဲ့ ကိုကိုက ဘယ်လိုလုပ်ဂစ်တာတီးတတ်ဦးမှာလဲ။
"သား အသည်းကွဲနေတယ်"
အဝတ်လှမ်းနေသည့် လက်တွေ လေထဲမှာ တန့်ကနဲ။
ဒီ လက်နဲ့တောက်ရင်တောင် ဝှီးကနဲလွင့်သွားမယ့်အရွယ်ပေါက်စက အသည်းကွဲနေတယ်တဲ့။
အဘွားဖြစ်သူမျက်ဖြူပါစိုက်ချင်ပါသည်။
"ဘာတွေများဖြစ်လို့လဲ ပြောပါဦး"
"ကိုကိုက သားကို မချစ်ဘူးလား မသိပါဘူး ဘွားရယ်"
"အေးပေါ့ ထမင်းမှ သေချာမစားတာ"
"ဘွားနော် ..."
သုံးဘီးစက်ဘီးပေါ်က ဆိုးဆိုးဆက်ဆက် ခုန်ဆင်းသွားတာ အိမ်ထဲကို ဘောက်ဆတ်ဆတ်နှင့် ဝင်သွားသည်။
ပါးတုန်တုန်ကြီးတွေနှင့်မြေးဖြစ်သူက ချစ်မွှေးမို့ဒီအဘွားဖြစ်သူက မစဘဲလည်း မနေနိုင်၊ မချစ်ဘဲလည်း မနေနိုင်။
လူဆိုတာ အရွယ်ရောက်လာကြမည်။
တဖြည်းဖြည်းကြီးရင့်လာကြမည်။
အသက်အရွယ်ကြီးရင့်လာမည့် ဝမ်ကျယ်လေးကို သူသိပ်တွေ့ဖူးချင်ပါသည်။