အာလူးနှင့်ကိုကို ဈေးဝယ်ထွက်ခြင်း
-
-
-
အာလူး ခြံထဲမှာ ဘဲတွေကို အစာကျွေးရင်း ကိုကိုလာမှာကိုစောင့်နေမိသည်။ အာလူးနှင့် ကိုကိုဒီနေ့ ချိန်းထားတာရှိသည်။
"ဟိဟိ"
"ဟိုကလေးလေး ဝမ်ကျယ်! အင်္ကျီလာဝတ်လေ...ဘဲမေမေက နင့်ရင်ဘတ်က ပုစိနှစ်လုံးကို စတော်ဘယ်ရီဆိုပြီး လာဆိတ်နေမယ်နော်"
ဘောင်းဘီတိုနှင့်ကိုယ်တုံးလုံး ဆရာသမားက ဘဲစာတွေသွားကျဲနေပြန်သည်မို့ အိမ်ထဲကနေ လှမ်းအော်ရသေးသည်။ ဆည်းလည်းလေးဆိုပေမဲ့ တခါတလေလည်း လင်ကွင်းလိုမျိုး ဆူညံနေတတ်သည်။
ဘွားကလေ ပြောလိုက်ရင် ကြောက်စရာတွေကြီးပဲ ဘဲမေကြီးကိုတွေ့တာနှင့် ရင်ဘတ်ပေါ်ကို လက်လေးတင်ပြီး အိမ်ထဲကိုတန်းနေအောင်ပြေးသည်။
ဘဲမေကြီးကတော့ ကြောင်တောင်တောင်... အစာကောက်တာပါ သူ့ကိုဘာမှမလုပ်ပါဘူး။
ရင်ဘတ်ကလေးအုပ်ပြီး အိမ်ထဲပြေးဝင်ကာ ချထားသည့် ကုတင်ပေါ်က အင်္ကျီနို့စိမ်းရောင်လေးကို ယူကာ အဘွားစီပြေးလာသည်။
တော်သေးလို့ ရင်ဘတ်က နီတာရဲလေးနှစ်ခု ရှိသေးလို့။
"ဘွား ဝတ်ပေး"
"ဟိုနေ့ကတော့ ဝတ်တတ်တယ်ဆို"
"ချွဲနေတာပါဆို"
အတတ်တုံးကြောင့် ပြုံးစိစိနှင့်အဘွားက မျက်စောင်းထိုးလိုက်သည်။
အင်္ကျီဝတ်ပေးရင်းချစ်စနိုးနဲ့ရင်ဘတ်က နီတာရဲလေးကို မနာအောင် ခပ်ဖွဖွလှမ်းဆိတ်တော့ ထွက်ပြေးသွားသည်။
"ကလေးသူငယ် ညှဉ်းပန်းနှိမ့်ရှက်မှုနော်"
စကားက အခုထိ မပိီ... လေက ထွက်တုန်းပင်။
"ဝမ်ကျယ် လာခဲ့ နို့ရည်လာလူးချည် ... ကိုကိုရောက်လာရင် နင့်အဘိုးဆိုင်ကယ်နဲ့သာ သွားကြတော့ စောင့်နေရမယ် မြန်မြန်လာ"
မအေဖြစ်သူက အဝေးမှာသာအလုပ်လုပ်ရတာ သူ့သားငယ်လေးကိုတော့ တော်တော်ချစ်ရှာသည်။ အသားဖွေးဖွေးလေးတွေက အမြဲမွှေးမွှေးအေးအေးကလေးဖြစ်နေအောင် ကလေးသုံးနို့ရည်လေးတွေကအစ ဝယ်ပို့ပေးတတ်သည်။