အချစ်ဆိုတာကို လူတွေက အမျိုးမျိုးအဓိပ္ပါယ်ဖော်ကြတယ်။ ကျွန်မအတွက်က အချစ်ဆိုတာ ချစ်နေဖို့ပါဘဲ။နောက်ထပ်အဓိပ္ပါယ်တစ်ခုဖွင့်ပြပါဆိုရင် ကျွန်မအတွက် အချစ်ဆိုတာ သိပ်ကိုချစ်စရာကောင်းတဲ့ ယုန်ဖြူကလေးတစ်ကောင်ပေါ့။
*****************"ဖြူလေးရေ! သမီး!"
ဖြူ မနက်စာ စားပြီး၍ စာအုပ်တစ်အုပ် ဖတ်ချင်သည့်စိတ်ကလေး ဖြစ်မိ၍ ဖေဖေ့ စာကြည့်ခန်းသို့ ဝင်မည်အလုပ် မေမေ့ခေါ်သံကြောင့်
"ရှင်! မေမေ"
"ကံ့ကော်တွေပွင့်နေပြီး သမီးရေ"
"ဟုတ်လား မေမေ"
မေမေ့ အပြောကြောင့် စာကြည့်ခန်းတံခါးအားပြန်ပိတ်၍ ဖြူ အလျင်အမြန်ပင် အိမ်ရှေ့သို့ပြေးထွက်ကာ တစ်ဖက်လမ်းမှ ကံ့ကော်ပင်ကြီးအား ကြည့်လိုက်သည်။ ကံ့ကော်ပင်ကြီးတစ်ပင်လုံး ဖြူဖွေးနေသည်ပင်။
"ဟုတ်တယ် မေမေရဲ့ ဖြူ သွားခူးလိုက်အုံးမယ်"
ပြောနေရင်းဖြင့် လက်ဆွဲခြင်းအသေးကလေးအား ယူကာ ဖေဖေ လုပ်ထားပေးသည့် ဝါးတံချူလေးအား ဆွဲ၍ ဖြူ အိမ်ရှေ့သို့ ထွက်လာ လိုက်သည်။ ဤကံ့ကော်ပင်ကြီးမှ ကံ့ကော်ပန်းပွင့် သည့်အချိန်တိုင်း ဖြူအမြဲ ခူးနေကျ။ ခူးပြီးသည့်ပန်းကလေးများအား မေမေသည် ဦးဦးဖျားဖျား ဘုရားကပ်သည်လေ ။ကံ့ကော်ပင်ရှိရာ လမ်းတစ်ဖက်သို့ ကူးမည်အလုပ် ဘေးခြံသို့ဖျက်ခနဲ ကြည့်လိုက်မိသည်။
"ဟင်"
တစ်ဖက်ခြံတွင် လူနေသည်ကို တစ်ခါမျှ ဖြူမမြင်ဖူးခဲ့။ ယခုတွင်တော့ အိမ်တံခါးမကြီးကို ဖွင့်ထားသည်လေ။ အိမ်ရှင်များရောက်နေသည်ထင်။ ဝါးတံချူကို ထောင်၍ ကံ့ကော်ပွင့်တို့အား အသာအယာခူးနေမိသည်မှာ ခြင်းကလေးပင် ပြည့်တော့မည်။ နားထဲတွင် ခေါ်သံခပ်သဲ့သဲ့ကို ကြားလိုက်မိသည်နှင့် အနောက်သို့ လှည့်ကြည့်လိုက်စဉ် ထိုခြံထဲမှ အမျိုးသမီးတစ်ဦးသည် မိမိအားလက်ယပ်ခေါ်နေသည်။ ထိုအမျိုးသမီးဆီသို့ ဖြူ ခပ်ဖြည်းဖြည်း လျှောက်သွားလိုက်သည်။ နီညိုရောင်ဖဲသားဂါဝန်လေးပေါ်တွင် အနက်ရောင်ကုတ်ကိုထပ်ကာဝတ်ဆင်ထားသည့် ထိုအမျိုးသမီးသည် အဝါရောင်သမ်းနေသည့် ကျောလယ်လောက်ရှိမည့် ဆံပင်ထူထူတို့ကို ခပ်မြင့်မြင့်စုသိမ်း၍ သပ်ရပ်စွာ စည်းထားသည်။ အသားအရည်မှာ ဖြူစွတ်နေသည် မဟုတ်သော်လည်း ရွှေရောင် ဟုတ်သည် ရွှေရောင်ကဲ့သို့ဝင်းဝါနေသည့် အသားအရည်ကိုပိုင်ဆိုင်ထားသည်။ ဖြူ အနီးကပ်မြင်လိုက်ရသည့် သူမ၏ မျက်နှာကလေးသည် အင်မတန်လှလွန်းနေသည်။ မြန်မာလူမျိုးပင် ဟုတ်ပါလေစ။ မထူလွန်းမပါးလွန်း သောမျက်ခုံးတန်းတန်းကလေး, မျက်ဝန်းတို့မှာ အညိုရောင်၊ အညိုရောင်ကိုပင် အကြည့်တို့မှာ စူးရှတောက်ပနေသည်မှာ ဖေဖေ့မျက်လုံးများကဲ့သို့ပင်။ မျက်တောင်တို့မှာရှည်လျားလှသည်။ နှာတံကလေးသည် ဖြောင့်စင်း၍ချွန်မြနေသည်။ နုနယ်ပြေပြစ်လှသည့်ပါးကလေးနှစ်ဖက်။ အနီရောင်သမ်းနေသည့် နှုတ်ခမ်းပါးလေးတစ်စုံမှာစွဲမက်ဖွယ်ရာအတိ။ မျက်နှာအသားအရည်မှာ ကြည်လင်လှ၍ ရှည်သွယ်သော အရပ်အမောင်းကြောင့် ခန္ဓာကိုယ်သည်ကျော့ရှင်းနေသည်။ ဤမျှလောက်လှရက်သည့်အမျိုးသမီးအား ဖြူ မျက်လုံးအဝိုင်းသားဖြင့် မျက်တောင်ခတ်ရန်ပင်မေ့မျောလောက်သည့်အထိ ငေးမော၍ ကြည့်နေမိသည်။
YOU ARE READING
ပထမဦးဆုံးသော
Romanceဖြူ့ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း စိတ်အလုံးစုံသည် သူမအပေါ်တွင် များစွာမှီတည်နေလေပြီး။ သူမသည်သာ ဖြူ့ အလင်းတန်း။ သူမသည်သာ ဖြူ့ ကမ္ဘာကြီး။ အိုးး ထိုအမျိုးသမီးသည် ဖြူ့ကမ္ဘာကြီးတွင်ထွန်းလင်းတောက်ပလာတော့မည့် နေခြည်အလင်းတန်းပင်တည်း။