ဤနေ့တွင် ဖြူ တစ်နေကုန်အခန်းထဲ၌သာ စာလုပ်၍ အနားယူနေမိသည်။ တစ်ခါတစ်ရံအတွေးတို့သည် သူမရှိရာသို့ မျောလွှင့်ချင်နေကြသည်။ မမနေခြည်သက်သာပါရဲ့လား။ ထိုသို့ စိတ်ပူနေမိသေးသည်။ အရက်အနံ့ပင်မခံတတ်သည့် မမနေခြည်သည် အရက်အလွန်အကျွံသောက်သည်တဲ့။ ဖြူ မတွေးချင်သည့် အတွေးများသည် ဖြူ့အာရုံအား ရှုပ်ထွေးစေသည်။ ထိုအတွေးများအားလွှင့်ပြယ်သွားစေရန် သီချင်းနားထောင်မည်ဆိုလျှင်လည်း သီချင်းကလေးများထဲမှ သူမအားမြင်နေရမည်မှာ အသေအချာပင်။ ဖြူ ပြောခဲ့ဖူးသည်မဟုတ်လား။ စွဲလန်းစိတ်သည် အင်မတန်ကြောက်စရာကောင်းပါသည်ဟု။ အဝေးပြန်လာလျှင် အဆင်သင့်စားရန် တစ်စုံတစ်ခုချက်ပေးရမည်။ ထိုသို့ဆိုတော့ ဖြူ ပထမဦးဆုံးနှင့် နောက်ဆုံးအဖြစ် မျက်ရည်ဝဲ၍စားခဲ့ဖူးသည့်သူမ၏လက်ရာ ထမင်းကြော်ကလေးအား လွမ်းဆွတ်မိပါသည်လေ။ ပြီးနောက် ကုတင်ပေါ်တွင် လဲလျောင်း၍ ဖုန်းထဲမှ movie ကြည့်မည်ဟု ဖွင့်လိုက်စဉ် ဖြူ့ဖုန်းထဲတွင် အံ့ဩစရာကောင်းလောက်အောင်ပင် သူမနှင့်အတူကြည့်ခဲ့ဖူးသည့် သူမကြိုက်နှစ်သက်သည့် movie တစ်ခုတည်းသာ ရှိနေသည်။ ဖုန်းအား ခုံပေါ်သို့တင်၍ အဝေး၏စာကြည့်စားပွဲပေါ်မှ စာရေးဆရာချမ်းမြေ့ဝင်း၏ သုခမြေပုံ ဆိုသည့်စာအုပ်ကလေးကိုသာယူ၍ ဖတ်နေမိတော့သည်။ ထိုစာအုပ်ကလေးအား မည်မျှကြာကြာ စိတ်ဝင်စားစွာဖတ်ရှုနေမိသည်မသိ အဝေးပြန်လာသည်ကိုပင် သတိမထားမိ။
"ဖြူစင်!!"
"အင်း"
"ငါထင်နေတာ အမှန်ပဲလား"
"ဘာကိုလဲဟင်"
"အန်ကယ်လ်နဲ့ မနေခြည်ကို ငါမြင်ခဲ့တယ် ဖြူစင်"
ဖြူ အဝေးအားကြည့်၍ ခပ်မဲ့မဲ့တစ်ချက်ပြုံးလိုက်မိသည်။ ဖြူ ကြိုတင်၍ တွေးထားခဲ့အတိုင်းပင်။ အဝေးသည် ဒေါသထွက်နေသည်။
"အန်ကယ်လ်က သူ့ကို လိုအပ်တာထက်ပိုပြီး ဂရုစိုက်နေသလိုပဲ ဖြူစင် ငါထင်နေတာအမှန်ဘဲမဟုတ်လား"
YOU ARE READING
ပထမဦးဆုံးသော
Romanceဖြူ့ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း စိတ်အလုံးစုံသည် သူမအပေါ်တွင် များစွာမှီတည်နေလေပြီး။ သူမသည်သာ ဖြူ့ အလင်းတန်း။ သူမသည်သာ ဖြူ့ ကမ္ဘာကြီး။ အိုးး ထိုအမျိုးသမီးသည် ဖြူ့ကမ္ဘာကြီးတွင်ထွန်းလင်းတောက်ပလာတော့မည့် နေခြည်အလင်းတန်းပင်တည်း။