"ဖြူမေးတာကို ဖြေအုံးလေ မမနေခြည်!!!...ဖြူ့ကို သူ့နေရာပေးမလားလို့..."ဖြူ့အား စူးစိုက်၍ကြည့်နေသည့် မမနေခြည်၏မျက်ဝန်းများအား အဓိပ္ပါယ်ဖော်ရန် ဖြူမတတ်သာ။ အနည်းငယ် ညိုမှိုင်းသွားသည်ဟု ထင်မိသော်လည်း တစ်ဖက်တည်းသော ပါးချိုင့်ကလေးကြောင့် မမနေခြည်၏မျက်နှာကလေးသည် ကြည်လင်လှပါသည်လေ။ သို့သော်လည်း မမနေခြည်သည် ဖြူ့မေးခွန်းအား ဖြေမည့်ဟန်မရှိပါ။
"ဘွဲ့လည်းရပြီဆိုတော့ ဖြူကလေး ဘာဆက်လုပ်မယ် စိတ်ကူးထားလဲကွယ်"
"ဖြူကတော့..မမနေခြည်အနားမှာနေဖို့ စိတ်ကူးထားတာပဲ"
သူမအား စိုက်ကြည့်၍ ခပ်ဆတ်ဆတ်ပြောလိုက်တော့ ဖျတ်ခနဲပြုံးလိုက်ပြီး တစ်ဖက်သို့လှည့်သွားသည်။ လေအသုတ်ကြောင့် လွှင့်လူးနေသည့် အဝါရောင်ဆံနွယ်ကလေးများသည် လှပနုနယ်သည့် မျက်နှာကလေး၌နေရာယူကြီးစိုးလျှက်။ ထိုဆံနွယ်ကလေးများအား ဖြူ့လက်ဖြင့် သပ်တင်ဖယ်ရှားပေးရန် ရွယ်လိုက်စဉ် မမနေခြည်သည် သူမ၏ရှည်သွယ်လှသည့် လက်ကလေးဖြင့် သူမကိုယ်တိုင် သပ်တင်လိုက်သည်သာ။ ဖြူ စိတ်အလိုမကျသကဲ့သို့ ခံစားရပါသည်။ သူမအရှေ့သို့မျက်နှာချင်းဆိုင် ရပ်လိုက်ပြီးနောက် လက်ထဲမှ ကိုင်ထားသည့်ကင်မရာကလေးအား ခပ်စူးစူးကြည့်ကာ
"ဖြူ့ကို သူ့နေရာပေးဖို့ ခက်ခဲနေလားဟင် မမနေခြည်"
ဤတစ်ကြိမ်တွင်တော့ မမနေခြည်သည် မပြုံးတော့ပါ။ ဖြူ့မျက်ဝန်းများသို့ လေးနက်စွာကြည့်နေသည်ပင်။ လှပသည့် မျက်ဝန်းတစ်စုံတွင် အညိုရောင်မိုးတိမ်တို့ ဖုံးလွှမ်းလျှက်။ တစ်စုံတစ်ခုအား ဖွင့်ဟပြောဆိုရန် အားယူနေသည့် နှုတ်ခမ်းပါးကလေးသည် တုန်ရီနေသည်။ ဟုတ်ပါသည်။ မမနေခြည်သည် ဖြူ့အား ထိုနေရာပေးရန် ခက်ခဲနေပါသည်လေ။ ဖြူ့အား အတန်ငယ်ကြာသည်အထိ စူးစိုက်ကြည့်ပြီးနောက် ဖြူကြားရုံမျှ ခပ်တိုးတိုးရေရွတ်သည်။
"ဟုတ်တယ်ကွယ်...ဖြူကလေးက သိပ်ခက်ခဲတာပဲ..."
ထိုသို့ဆို၍ သက်ပြင်းချကာ အဝေးတစ်နေရာသို့ အဓိပ္ပါယ်မဲ့စွာ ငေးကြည့်နေပြန်သည်။ ထိုစဉ်ဖြူတို့အနားသို့ ယမင်းတို့ရောက်လာကြသည်။
BINABASA MO ANG
ပထမဦးဆုံးသော
Romanceဖြူ့ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း စိတ်အလုံးစုံသည် သူမအပေါ်တွင် များစွာမှီတည်နေလေပြီး။ သူမသည်သာ ဖြူ့ အလင်းတန်း။ သူမသည်သာ ဖြူ့ ကမ္ဘာကြီး။ အိုးး ထိုအမျိုးသမီးသည် ဖြူ့ကမ္ဘာကြီးတွင်ထွန်းလင်းတောက်ပလာတော့မည့် နေခြည်အလင်းတန်းပင်တည်း။