ဖြူတို့ ထမင်းစားပြီးနောက် နာရီအနည်းငယ်ကြာ စကားထိုင်ပြောနေကြသည်။ မမနေခြည်သည် မဝတ်ရည်အား ဖြူ့ကိုစောင့်ရှောက်ပေးရန်၊ အကူအညီပေးရန် တတွတ်တွတ်မှာကြားနေရှာသည်။ ထို့နောက် မမနေခြည်၏အခန်းသို့ ဖြူတို့ဝင်လာကြသည်။
"ဖြူကလေး မျက်နှာသစ်သွားတိုက်ကွယ် ရေချိုးခန်းထဲမှာ သွားတိုက်တံအသစ်ရှိပါတယ်"
"ဟုတ်ကဲ့မမနေခြည်"
ဖြူ ရေချိုးခန်းထဲသို့ အလျင်အမြန်ဝင်၍ သန့်ရှင်းရေးလုပ်လိုက်သည်။ ကြည်နူးရသည်။ ပျော်ရွှင်ရသည်။ ဖြူ့ကမ္ဘာကြီး၏ရင်ငွေ့၌အိပ်စက်ခွင့်ရမည့် ယခုညကလေးအား ဖြစ်နိုင်ပါလျှင် ရွေ့လျားနေသည့်အချိန်များအား ဖြူ ရပ်တန့်ထားချင်မိပါသည်။ မမနေခြည်သည် သူမ၏အလုပ်စားပွဲ၌ထိုင်၍ Laptop တစ်လုံးနှင့် အလုပ်ရှုပ်နေသည်ပင်။ ဖြူ သူမအနားသို့သွားလိုက်သည်။
"ဖြူကလေး အိပ်ရင်အိပ်နှင့်ကွယ် တို့ လုပ်စရာလေးနည်းနည်းရှိလို့ပါ"
"ဖြူက မမနေခြည်နဲ့အတူတူ အိပ်ချင်တာကို"
မျက်ဝန်းညိုကလေးများသည် တောက်ပစွာပြုံးနေကြသည်။ ဖြူ့လက်ကလေးအား အသာဆွဲယူ၍ လက်ခုံသို့ ခပ်ဖွဖွအနမ်းပေးသည်။ သိမ်မွေ့နူးညံ့စွာသော ဖြူ့အမျိုးသမီး၏ အပြုအမူကလေးကြောင့် နှလုံးခုန်သံတို့သည် ရွှင်မြူးလာသည်။ မမနေခြည်သည် သူမ၏ Laptop အားပိတ်၍
"ဒါဖြင့် တို့ကိုခနစောင့်ကွယ်"
ထိုသို့ဆိုကာ ရေချိုးခန်းထဲသို့ တစ်လှမ်းချင်းလျှောက်လှမ်းသွားသည်ပင်။ မိနစ်အနည်းငယ်ကြာသော် ရေချိုးခန်းမှပြန်ထွက်လာ၍ မှန်တင်ခုံရှေ့တွင်ထိုင်ကာ night cream လိမ်းနေသည်။ သူမ၏လှုပ်ရှားမှုကလေးများအား ကုတင်ပေါ်တွင်ဘေးတစ်စောင်းလှဲလျောင်းကာ ဖြူ ငေးမော၍ကြည့်နေမိသည်။ ညသည် ငြိမ်သက်တိတ်ဆိတ်လျှက်။ ဖြူ့အမျိုးသမီးသည်လည်း အေးချမ်းတည်ငြိမ်လျှက်။ မှန်ထဲမှ ဖြူ့အားစူးစိုက်ကြည့်နေသည့် မျက်ဝန်းကလေးများအား ပြုံး၍တုန့်ပြန်လိုက်သည်။ ဖြူ့ဖုန်းကိုလှမ်းယူ၍ camera ကိုဖွင့်ကာ သူမ၏ရှင်းသန့်ကြည်လင်နေသည့်ပုံကလေးအား ရိုက်ယူလိုက်သည်။ ဖြူ့အား မျက်မှောင်ကျုံ့ပြ၍ မီးခလုတ်ရှိရာသို့ လျှောက်လှမ်းသွားကာ အခန်းမီးအားပိတ်လိုက်သည်။ ညမီးရောင်၏မှိန်ပြပြအလင်းရောင်အောက်တွင် တွေ့မြင်နေရသည့် ဖြူ့အမျိုးသမီးသည် စွဲမက်ဖွယ်ရာအတိ။ ဖြူ့အနားသို့လှဲလျောင်းကာ ဖြူ့ဘက်သို့တစ်စောင်းကလေးမျက်နှာမူလိုက်သည်။ ထို့နောက် ဖြူ့ပါးတစ်ဖက်အား သူမ၏ရှည်သွယ်နူးညံ့လှစွာသော လက်ချောင်းကလေးများဖြင့်တို့ထိလျှက်။
YOU ARE READING
ပထမဦးဆုံးသော
Romanceဖြူ့ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း စိတ်အလုံးစုံသည် သူမအပေါ်တွင် များစွာမှီတည်နေလေပြီး။ သူမသည်သာ ဖြူ့ အလင်းတန်း။ သူမသည်သာ ဖြူ့ ကမ္ဘာကြီး။ အိုးး ထိုအမျိုးသမီးသည် ဖြူ့ကမ္ဘာကြီးတွင်ထွန်းလင်းတောက်ပလာတော့မည့် နေခြည်အလင်းတန်းပင်တည်း။