ဖြူ အိပ်ရာမှနိုးသည့်အချိန်သည် ညနေ သုံးနာရီပင်ထိုးနေပြီးဖြစ်သည်။ ကုတင်ပေါ်မှ ထ ကာ ပြတင်းပေါက်သို့ ကြည့်လိုက်စဉ် မမနေခြည် အား သူမ၏အိမ်ရှေ့ရှိ ဒန်းကလေးပေါ်တွင် ထိုင်နေသည်ကိုတွေ့ရသည်။ ဖြူ ထိုင်ခုံဆွဲယူ၍ ထိုင်လိုက်ပြီး ခုံပေါ်မေးထောက်ကာ ကြည့်နေလိုက်သည်။ လှသည်။ တည်ငြိမ်သည်။ အေးချမ်းသည်။ လက်ထဲတွင်ကိုင်ထားသည့် ကော်ဖီခွက်ကို နှုတ်ခမ်းသို့ပို့ကာ တစ်ငုံသောက်သည်။ တစ်စုံတစ်ခုအားအလေးအနက်တွေးနေသည်။ ပြီးနောက် ကော်ဖီခွက်အား ဘေးသို့အသာအယာချလိုက်သည်။ လက်နှစ်ဖက်ကိုပိုက်၍ လမ်းလျှောက်သည်။ ခြောက်လှမ်းမျှလျှောက်ပြီး ဒန်းကလေးရှိရာသို့ ပြန်လျှောက်လာပြန်သည်။ ဒန်းပေါ်သို့ မထိုင်။ တစ်စုံတစ်ခုအား စိုက်ကြည့်၍ တွေးနေသည့်ပုံ။ ထို့နောက် တစ်ဖြည်းဖြည်း ဖြူ့ ပြတင်းပေါက်သို့လှမ်းကြည့်သည်။ ဖြူ နှင့်အကြည့်ချင်းဆုံသည်။ ဖြူ့အား သူမ၏ပါးချိုင့်ကလေးတစ်ဖက်ပါသည့် အပြုံးကလေးဖြင့် ပြုံးပြသည်။ ဖြူ့နှလုံးသားသည် ဤ ပြတင်းပေါက်မှ ခုန်ထွက်၍ သူမအနားသို့ အရောက်သွားချင်နေပုံရသည်။ ဖြူ့အား အနည်းငယ်ကြာသည်အထိ ကြည့်ကာ ပြုံးပြနေသည်။ ပြီးနောက် လက်တစ်ဖက်ရမ်းကာ ခေါ်နေသည်။ ပြတင်းပေါက်မှခုန်ထွက်ချင်နေသည့်ဖြူ့နှလုံးသားထက် ဖြူ့ခြေနှစ်ချောင်းသည် ပို၍လက်တွေ့ကျသည်။ ဖြူ မမနေခြည်ခြံရှေ့သို့ အလွန်လျင်မြန်သောအမြန်နှုန်းဖြင့် ရောက်လာခဲ့တော့သည်။ မမနေခြည်သည် ခြံတံခါးဖွင့်ပေးကာ ဖြူ့အား အိမ်ထဲသို့ခေါ်လာသည်။
"ဖြူလေး ဘာစားပြီးပြီလဲ"
"ဖြူ အခုမှအိပ်ရာကနိုးတာ မမနေခြည်"
"နေကောင်းရဲ့လား"
ဖြူ့ နဖူးသို့လာတို့ထိသည့် မမနေခြည်၏ လက်နုနုကလေး။ နူးညံ့ညင်သာသည့်အထိအတွေ့။ သူမ၏ကိုယ်သင်းရနံ့ကလေး။ ဖြူ လူဖြစ်ရကျိုးနပ်လေပြီး။
"ဟုတ်ကဲ့ ဖြူနေကောင်းပါတယ်"
"ဒါဖြင့်ရင် လာခဲ့ကွယ်"
ဖြူ့ လက်ကိုကိုင်ကာ ထမင်းစားခန်းထဲသို့ဝင်လာသည်။
"Pasta စားမယ်မဟုတ်လားဟင်"
YOU ARE READING
ပထမဦးဆုံးသော
Romanceဖြူ့ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း စိတ်အလုံးစုံသည် သူမအပေါ်တွင် များစွာမှီတည်နေလေပြီး။ သူမသည်သာ ဖြူ့ အလင်းတန်း။ သူမသည်သာ ဖြူ့ ကမ္ဘာကြီး။ အိုးး ထိုအမျိုးသမီးသည် ဖြူ့ကမ္ဘာကြီးတွင်ထွန်းလင်းတောက်ပလာတော့မည့် နေခြည်အလင်းတန်းပင်တည်း။