မမနေခြည်နှင့်ညစာစားပြီး အိမ်ပြန်ရောက်သည်နှင့် ဖြူ့အခန်းထဲရှိ စာကြည့်စားပွဲခုံကို ပြတင်းပေါက်သို့ရွှေ့လိုက်သည်။ ဤနေရာလေးတွင်သာ ဖြူစာလုပ်တော့မည်။ ဤနေရာလေးမှ ဖြူ့အေးချမ်းမှုကလေးအား ကြည့်၍ ဖြူစာကြိုးစားတော့မည်ဖြစ်သည်။ ဖြူ ရေချိုးအဝတ်အစားလဲပြီး တဖက်ခြံသို့လှမ်းကြည့်သည်။ အိမ်အနောက်ဘက် မီးဖွင့်ထားသည်။ အတန်ငယ်ကြာသော် ပြန်ပိတ်သွားသည်။ အိမ်ရှေ့တွင်ညမီးကလေးရှိသည်။ မမနေခြည် အိပ်တော့မည်ထင်သည်။ ဖြူလည်း ကုတင်ပေါ်သို့တက်ကာ အိပ်ရန်ပြင်ရတော့သည်။ ဤညတွင်လည်း မမနေခြည်၏ အေးမြသည့် အပြုံးကလေးများသည် ဖြူ့အိပ်မက်ထဲသို့ အလည်လာအုံးမည်မှာ မလွှဲပင်။
ဖြူ မနက် အိပ်ရာမှ နိုးသည်နှင့် ချက်ချင်းထကာ ပြတင်းပေါက်သို့ပြေးကြည့်မိသည်။ တစ်ဖက်ခြံသည် တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။ မျက်နှာသစ် အဝတ်လဲကာ အောက်ထပ်သို့ဆင်းလာလိုက်သည်။ မေမေ့အား ထမင်းစားခန်းတွင်တွေ့ရသည်။ နှာခေါင်းထဲသို့ ဝင်လာသည့်အမွှေးနံ့ကလေးကို တရှုံ့ရှုံ့လုပ်ကာ အနံ့ခံရင်း
"မေမေ!! အုန်းနို့ခေါက်ဆွဲချက်တာလားဟင်?"
"ဟုတ်တယ်သမီးရေ! သမီးအန်တီသန့်က စားချင်လို့တဲ့ကွယ်"
"စားလို့ရပြီးလားဟင် မေမေ?""
ဖြူ မေမေ့အား ထိုသို့ မေးပြီး တစ်စုံတစ်ခုအား စဉ်းစားမိသွားသည်။ လူ့စိတ်သည် ခက်သည်။ မိမိကြိုက်နှစ်သက်သည့်အရာကို မြင်လျှင် မိမိသဘောကျရသည့် လူကိုလည်း တွဲမြင်လာသည်။ ဖြူ မေမေ့အား ပြောမည်အလုပ်..
"နေခြည့်ကိုလည်း သွားပို့လိုက်ပါအုံး သမီးရယ်!!! မနေ့က အသီးအနှံတွေဝယ်လာပေးတာ မေမေဖြင့် အားနာလိုက်တာ"
ဖြူ့မေမေလို့ မပြောရဘူး။ ဖြူ့စိတ်ထဲများ ဝင်ကြည့်သွားသလားမသိ။ ဖြူမေးတာကိုတော့ ပြန်မဖြေ။
"ဟုတ်ကဲ့!! မမနေခြည် မနိုးသေးဘူးထင်တယ် မေမေရဲ့"
"ဒါဖြင့် သမီးစားပြီးမှ သွားပို့လိုက်ကွယ်! မေမေချိုင့်ထဲထည့်ထားလိုက်မယ်"
STAI LEGGENDO
ပထမဦးဆုံးသော
Storie d'amoreဖြူ့ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း စိတ်အလုံးစုံသည် သူမအပေါ်တွင် များစွာမှီတည်နေလေပြီး။ သူမသည်သာ ဖြူ့ အလင်းတန်း။ သူမသည်သာ ဖြူ့ ကမ္ဘာကြီး။ အိုးး ထိုအမျိုးသမီးသည် ဖြူ့ကမ္ဘာကြီးတွင်ထွန်းလင်းတောက်ပလာတော့မည့် နေခြည်အလင်းတန်းပင်တည်း။