အပိုင်း (၇)

372 52 0
                                    

"ကျွီ!! ကျွီ!! ဒေါက်! ဒေါက်"

မမနေခြည်၏ အခန်းတွင်းရှိ ပြတင်းတံခါးမှန်အား ငှက်ကလေးနှစ်ကောင်သည် နှုတ်သီးက‌လေးတို့ဖြင့်ခေါက်ကာ အခန်းတွင်းရှိ လူသားနှစ်ဦးအား နှိုးနေသည်ထင်။ ဖြူ တစ်ချက်ပြုံးမိသည်။ ဖြူ့ဘေးတွင် မမနေခြည်သည် နှစ်ခြိုက်စွာအိပ်‌ပျော်နေသည်။ ဖြူ့ကြောင့် အိပ်ရေးပျက်ခဲ့ရသည်မဟုတ်လား။ ဖြူခေါင်းအုံးအိပ်ထားသည့် သူမ၏လက်မောင်းကို မဖယ်သေး။ ဖြူ့ခါးသို့ဖက်ထားသည့် သူမ၏ လက်သွယ်သွယ်ကလေး‌အား ယူ၍ လက်ခုံပေါ်ရှိ မှည့်ကလေးအား နမ်းရှိုက်လိုက်သည်။ အိပ်‌ပျော်နေသည့် မျက်နှာကလေးသည်ပင် ကြည်လင်ရှင်းသန့်နေ၍ ဖြူ မထိရက်ပါ။ ဖြူ ပြုံးနေမိသည်။ မထူလွန်းမပါးလွန်းသည့် မျက်ခုံးကလေး၊ ရှည်လျားလှသည့်မျက်တောင်ကလေးများ၊ နှာတံချွန်ချွန်လေးထိပ်မှမှည့်ကလေး၊ အနီရောင်သမ်းနေသည့်နှုတ်ခမ်းပါးကလေး၊ ပြေပြစ်လှသည့်ပါးက‌လေးနှစ်ဖက်။ ပါးချိုင့်ကလေးအား ဖြူနမ်းဖူးခဲ့ပြီမဟုတ်လား။ ဤမျှလှပလွန်းသည့် မျက်နှာကလေးအား အိပ်ရာမှနိုးသည်နှင့် မြင်တွေ့ရသည့် မိမိသည် ကမ္ဘာပေါ်တွင် ကံအကောင်းဆုံးလူသားဖြစ်သည်ဟုဆိုလျှင် ဖြူ လွန်မည်မထင်ပါ။



ဖြူ နိုးနေသော်လည်း မထချင်သေး။ သည်အခိုက်အတန့်ကလေးသည် ရခဲလှသည်မဟုတ်လား။ တည်ငြိမ်သည်။ အေးချမ်းသည်။ ဤမျက်နှာကလေးအား တစ်နေ့လုံးပင်ထိုင်ကြည့်‌ နေနိုင်သေးသည်။ မမနေခြည်၏ဦးနှောက်ထဲတွင် အလုပ်ပဲရှိသည်ဟု အဝေး ပြောခဲ့ဖူးသည်။ ထိုသို့သာဆိုလျှင် မနေ့ညက မိမိဖွင့်ပြောခဲ့သည်ကို သူမ၏ဦးနှောက်ထဲသို့ အဝင်ခံခဲ့ပါသလား။ သူမ၏အလုပ်အကြောင်းထက် မိမိ၏အကြောင်းအား အရေးတယူ စဉ်းစားမည့်သူမျိုး‌ပေလား။ ဖြူမသိပါ။ မမနေခြည် နိုးလာလျှင် ဖြူမည်သို့ရင်ဆိုင်ရမည်နည်း။ မမနေခြည်သည် မဖြစ်နိုင်ပါဘူးဟု ပြောလာလျှင် ဖြူ မည်မျှခံနိုင်ရည်ရှိမည်နည်း။



ဖြူ အိပ်ရာမှ အသာအယာထကာ သူမ၏နှာခေါင်းထိပ်ရှိမှည့်ကလေးအား ခပ်ဖွဖွနမ်းလိုက်သည်။ ဤနေ့အဖို့ ဖြူ့တစ်ကိုယ်လုံးရှိအစိတ်အပိုင်းတစ်ခုချင်းစီသည် အားအင်အပြည့်ရရှိသွားသည့်နှယ်။ ထို့နောက် အိပ်ခန်းအပြင်သို့ တဖြည်းဖြည်း‌ခြေဖွ၍ ထမင်းစားခန်းသို့ထွက်လာလိုက်သည်။ ရေခဲသေတ္တာအား အသာဖွင့်ကြည့်သည်။ ထောပတ်သီးနှင့် ပေါင်မုန့်ကိုယူလိုက်သည်။ ပေါင်မုန့်အား မရောနစ်ဖြင့်သုပ်၍ ပန်းကန်ထဲသေသပ်စွာထည့်လိုက်သည်။ ထောပတ်သီးအား Blender မသုံး။ ဇွန်းဖြင့်ချေကာနို့နှင့်သကြားအနည်းငယ်ထည့်၍ ဖျော်လိုက်သည်။ Blender ကြောင့် မမနေခြည်နိုးသွားမည်မဟုတ်လား။ ဖြူ Coffee မသောက်၍ မည်သို့ဖျော်ရမည်မသိ။ ဖြူ ဖျော်ပေးလိုက်လျှင်လည်း မမနေခြည် သောက်မည်မထင်။ ထို့ကြောင့် ထောပတ်သီးကိုသာဖျော်ပေးလိုက်ခြင်းဖြစ်သည်။ ပေါင်မုန့်ပန်းကန်နှင့် ထောပတ်သီးဖျော်ရည်အား ထမင်းစားပွဲပေါ်တင်ခဲ့လိုက်သည်။ ဖြူ့ဖုန်းအား TV ဘေးရှိ စာအုပ်စင်တွင် တွေ့လိုက်သည်။ ဖုန်းယူ၍ အိမ်တံခါးအား တဖြည်းဖြည်းဖွင့်ပြီး ဖြူ အိမ်သို့ ပြန်လာလိုက်သည်။ မမနေခြည်၏ မှည့်ကလေးနှစ်လုံးနှင့်ပါးချိုင့်ကလေးအား ဖြူနမ်းခဲ့သည်။ ဖြူ့ မနက်ခင်းအား အပြုံးတို့ဖြင့်စတင်ခွင့်ရသည်။ မိမိအတွေးနှင့်မိမိ အိမ်ထဲသို့ရောက်လာသည်။



ပထမဦးဆုံးသောDonde viven las historias. Descúbrelo ahora