တစ်ညလုံး စဉ်းစား၍ ချခဲ့သည် ဆုံးဖြတ်ချက်များဖြင့် ဖြူ့ခြေလှမ်းများသည် ဆေးရုံအပေါ်ထပ်ရှိ ထိုအခန်းကလေးသို့ အလျင်စလိုပြေးနေသည်။ ထိုအချိန်က ရှက်ရွံ့စိတ်၊ သိမ်ငယ်စိတ်၊ ဒေါသစိတ်တို့ဖြင့်သူမ၏ဖြေရှင်းချက်အား အကြောင်းပြချက်ဟုတစ်ဖက်သတ်ခေါင်းစဉ်တပ်ကာ လက်မခံခဲ့။ ယခုတွင်တော့ ဖြူ နားထောင်ချင်ပါသည်။ သူမပြောမည့် ဖြေရှင်းချက်အား ဖြူနားထောင်ရပါမည်။ ထိုစိတ်အစဉ်၌ ရုန်းမထွက်ခဲ့ပါဘဲ တစ်နှစ်ပတ်လုံး မိမိကိုယ်မိမိနှစ်မြုပ်ထားခဲ့သည်။ ထိုသစ္စာဖောက်၏ လိုအင်ဆန္ဒနောက်သို့ တစ်ခေါက်တစ်ခါမျှလိုက်ချင်ပါသေးသည်။ သူ၏အလိုပြည့်တော့မည် ထိုသစ္စာဖောက်သည် တဒုတ်ဒုတ်ခုန်မြည်နေသည်ပင်။ ဟုတ်သည်။ ဖြူ အတ္တကြီးချင်ပါသည်။ တစ်ခေါက်တစ်ခါမျှ မိမိ၏အလိုဆန္ဒအားရှေ့တန်းတင်၍ ဖြူ.. အတ္တကြီးချင်ပါသည်။ အခန်းရှေ့တွင် ခေတ္တမျှရပ်ကာ မိမိ၏စိတ်အား တည်ငြိမ်စွာထား၍ သတ္တိမွေးလိုက်ရသည်။ အခန်းတံခါးအားတွန်းဖွင့်လိုက်စဉ်
"ဟင်!!"
အခန်းထဲ၍ မည်သူတစ်ဦးတစ်ယောက်မျှမရှိ။ တစ်ခန်းလုံးဖြန်းထားသည့် ပိုးသတ်ဆေးအနံ့အားရလိုက်သည်။ ရေချိုးခန်းထဲ၌ အသံကြား၍ အပြေးအလွှားသွားကြည့်လိုက်မိသည်။
"ဟို...ဟို ဒီအခန်းက လူနာရောဟင်"
"ဆင်းသွားပြီလေ ဆရာမလေးရဲ့.."
"ရှင်!!"
သန့်ရှင်းရေးလုပ်သည့် အန်တီကြီး၏စကားကြောင့် ထိုအခန်းထဲမှ အပြေးအလွှား ထွက်လာ၍ နားနေခန်းသို့ဦးတည်လိုက်သည်။
"ကိုချမ်းငြိမ်းရောဟင်"
"ဒီနေ့ off လေ ဖြူစင်ရဲ့"
အိတ်ထဲမှဖုန်းအား အလျင်အမြန်ထုတ်ယူလိုက်သည်။ အပြီးတိုင်ဖျက်ထားခဲ့သော်လည်း မသိမသာမှတ်သားထားသည့် ဦးနှောက်၏စေခိုင်းမှုဖြင့် သူမ၏ဖုန်းနံပါတ်ကလေးအား မြန်ဆန်စွာရိုက်နှိပ်နေသည့် မိမိ၏လက်ချောင်းကလေးများကိုပင် အံ့ဩမိပါသည်လေ။ အချိန်ကြာမြင့်စွာ ခေါ်ဆိုခြင်းမရှိခဲ့၍ထင်သည် ထိုဖုန်းနံပါတ်ကလေးသည် ဖြူ့ဖုန်းအားလက်မခံ..။ ..စက်ပိတ်ထားသည်ဟုသာတုန့်ပြန်သည်....။ ခေါ်ဆို၍မရသည်ကို သိနှင့်သော်လည်း အခေါက်ခေါက်အခါခါထပ်၍ ခေါ်နေမိသည်။ မဝတ်ရည်၏ဖုန်းနံပါတ်သည်လည်း ဖြူ့တွင်မရှိတော့။ သူမနှင့်ပက်သက်ခဲ့သည့်အရာအားလုံးအား ဖြူ ဖျောက်ပစ်ခဲ့သည်လေ။ သက်ပြင်းကိုသာ အကြိမ်ကြိမ်ချ၍ နာရီကိုကြည့်လိုက်မိသည်။ ထို့နောက် လေးကန်သောခြေလှမ်းများဖြင့် တာဝန်ကျရာနေရာသို့ လှမ်းလာလိုက်သည်။ လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများကိုတော့ လုပ်ဆောင်ရပါအုံးမည်လေ။ သို့သော်လည်း ဤနေ့အဖို့ ဖြူ့စိတ်အစဉ်သည် နေထွက်ရာအရပ်သို့သာ မျက်နှာမူနေတော့မည်မှာမလွှဲ..။
ESTÁS LEYENDO
ပထမဦးဆုံးသော
Romanceဖြူ့ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း စိတ်အလုံးစုံသည် သူမအပေါ်တွင် များစွာမှီတည်နေလေပြီး။ သူမသည်သာ ဖြူ့ အလင်းတန်း။ သူမသည်သာ ဖြူ့ ကမ္ဘာကြီး။ အိုးး ထိုအမျိုးသမီးသည် ဖြူ့ကမ္ဘာကြီးတွင်ထွန်းလင်းတောက်ပလာတော့မည့် နေခြည်အလင်းတန်းပင်တည်း။