ဤသို့ဖြင့် မမနေခြည်သည် ဖြူ့အား သူမ၏စကားကလေးများအတိုင်း နေ့စဉ်နှင့်အမျှ တစ်ရက်ပင်ပျက်ကွက်ခြင်းမရှိပါဘဲ ဖုန်းခေါ်ခဲ့ပါသည်။ တစ်ခါတစ်ရံ သူမ မအားလပ်သည့်အခါမျိုးတွင် ဖြူ့အား စာပို့ထားတတ်သည်။ တစ်ခါတစ်ရံ အိမ်ရှေ့ရှိကံ့ကော်ပင်ကြီးသည် ဖြူ့အား မည်မျှလွမ်းနေကြောင်း ဓာတ်ပုံကလေးရိုက်၍ ပို့ပေးတတ်သည်။ တစ်ခါတစ်ရံ သူမ၏ခြံထဲမှ လှမ်းရိုက်ထားသည့် ဖြူ့ပြတင်းတံခါးပုံကလေးများ ပို့တတ်သည်။ သူမ၏ ပုံကလေးကိုတော့ ဖြူ့ဘက်မှ ချွဲ့နွှဲ့၍တောင်းသည့် အခါ၌သာ အများဆုံး နှစ်ပုံမျှပို့တတ်သည်။ ဖြူ့ အမျိုးသမီးသည် ဤမျှလောက် ချစ်စရာကောင်းသည်ပင်။ ဖြူတို့ ရန်ကုန်ရောက်ပြီး တစ်ပတ်လောက်အကြာတွင် မဝတ်ရည်သည်လည်း ရန်ကုန်သို့ ပြန်လာခဲ့သည်လေ။ ထို့ကြောင့် ဖြူ မေမေနှင့်ဖုန်းပြောသည့် အခါတိုင်း မမနေခြည်အား ဂရုစိုက်ပေးရန်၊ မမနေခြည်အား ဟင်းချက်ပို့ပေးရန်၊ အန်တီသန့်အား မမနေခြည်နှင့် အဖော်ပြုပေးရန် စသည်ဖြင့်တတွတ်တွတ် ပြောဆိုနေမိသည်။ ထို့အတူ မဝတ်ရည်သည်လည်း ဖြူ့နှင့်အဝေးတို့အား လိုလေသေးမရှိရလေအောင် ယခုအချိန်အထိ ကူညီပေးသည်။
မမနေခြည်နှင့် ခွဲခွာခဲ့သည်မှာ ယနေ့ဆိုလျှင် ရှစ်လခန့်ရှိလေပြီး။ ရှစ်လအတွင်း ဖြူ့အား တစ်ရက်မျှ အဆက်အသွယ်ပြတ်ခဲ့ခြင်းမရှိသည့် ဖြူ့အမျိုးသမီးပင်။ ဤနေ့ပိတ်ရက်တွင် ဖြူနှင့်အဝေးတို့ လိုအပ်သည့် အသုံးအဆောင်များဝယ်ယူရန် မဝတ်ရည်သည် ဖြူတို့အား မနက်၁၀နာရီလာခေါ်မည်ဟုပြောထားသည်။ ဖြူ ရေချိုးအဝတ်လဲပြီး၍ သွားရန်အဆင်သင့်ဖြစ်နေချိန်တွင် အဝေးသည် အိပ်နေရာမှမထသေး။
"ငါခေါင်းမူးလို့ အဖြူကောင်ရယ် နင်ပဲလိုက်သွားတော့နော်"
"ဘာဖြစ်လို့လဲဟင်အဝေး လိုက်ခဲ့ပြီးဆေးခန်းလိုက်ပြပါလား"
"ရပါတယ် တစ်ရေးလောက်အိပ်ရင် အဆင်ပြေသွားမှာ သွားတော့နော် မဝတ်ရည်ကား ရောက်နေပြီးအောက်မှာ"
ဖြူ အခန်းရှေ့သို့သွား၍ ထွက်ကြည့်လိုက်စဉ် မဝတ်ရည်၏ကား အားတွေ့ရသည်။ ဤအမျိုးသမီးသည်လည်း ဖြူ့ မမနေခြည်ကဲ့သို့ အချိန်တိကျသည်ပင်။ ဤသို့ဆိုတော့ ဖြူ့အမျိုးသမီးအား သတိရမိသည့်စိတ်ကလေးသည် ချက်ချင်းဆိုသလိုထွက်ပေါ်လာရပြန်သည်။ မဝတ်ရည်နေရာတွင် မမနေခြည်သာဖြစ်လိုက်လျှင် မည်မျှကောင်းမည်နည်း။
YOU ARE READING
ပထမဦးဆုံးသော
Romanceဖြူ့ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း စိတ်အလုံးစုံသည် သူမအပေါ်တွင် များစွာမှီတည်နေလေပြီး။ သူမသည်သာ ဖြူ့ အလင်းတန်း။ သူမသည်သာ ဖြူ့ ကမ္ဘာကြီး။ အိုးး ထိုအမျိုးသမီးသည် ဖြူ့ကမ္ဘာကြီးတွင်ထွန်းလင်းတောက်ပလာတော့မည့် နေခြည်အလင်းတန်းပင်တည်း။