မမနေခြည်၏ ကားလေးသည် မြို့ပြင်သို့ရောက်လာလေပြီး။ ကားအား ဆိုင်တစ်ဆိုင်တွင် ပါကင်ထိုး၍ အနွေးအင်္ကျီတို့ကို ကိုယ်စီယူကာ ကားပေါ်မှဆင်းလိုက်သည်။ သူမ၏ကုတ်အင်္ကျီကိုလက်ပေါ်သို့ လွှားတင်၍ ကျန်တစ်ဖက်ကို ဖြူ့အားကမ်းပေးသည်။ ဖြူ့လက်တစ်ဖက်သည် ဖြူ မခိုင်းပါပဲ သူမ၏လက်ထဲသို့ လှစ်ခနဲဝင်သွားသည်။ မမနေခြည်သည် ရယ်လျှက်ပင် ဖြူ့လက်ကိုတစ်ချက်ညစ်၍ အသာအယာဖြုတ်ကာ ဖြူ့ ကုတ်အင်္ကျီကို လှမ်းယူပြီး သူမ အင်္ကျီအပေါ်သို့တင်လိုက်သည်။ ပြီးမှ ဖြူ့လက်အား ဆုပ်ကိုင်လာသည်။ ဖြူ အနည်းငယ် ရှက်မိပါသည်။ သည်လက်ဟာလေ။ ဖြူပြောခဲ့သည်မဟုတ်လား မမနေခြည်နှင့် စတွေ့သည့်နေ့ကပင် ဖြူ့အစိတ်အပိုင်းတစ်ခုချင်းစီသည် ဖြူ့အား သစ္စာဖောက်ကြသည်ချည်းပင်။ နူးညံ့နေသည့်လက်ဖဝါးကလေးဖြင့် ဖြူ့လက်သေးသေးဖြူဖြူကလေးအား ဆုပ်ကိုင်ထားသည်ကိုကြည့်ပြီး သဘောကျ၍ ပါးစပ်ကိုပင်စေ့မထားနိုင်တော့ပါ။ ဖြူ ပျော်သည်။ ဖြူ ကြည်နူးသည်။ ထို့ထက်ပိုသော စကားလုံးတို့ရှိလျှင် ထိုစကားလုံးတို့နှင့်ဖြူပြောချင်ပါသည်။
"တို့ ဒီလမ်းကို မြင်တော့ မင်းနဲ့အတူလျှောက်ချင်မိတယ်ကွယ်"
"ဖြူ ကတော့ မမနေခြည်နဲ့သာဆိုရင်လေ ဘယ်လမ်းဖြစ်ဖြစ်လျှောက်ချင်တာပါပဲ"
"ဟင်းဟင်း ဖြူကလေးက တော့လေ"
တည်ငြိမ်လွန်းသည့် မမနေခြည်သည် လမ်းလျှောက်ရာတွင်လည်း တဖြည်းဖြည်းနှင့် ဣန္ဒြေရှိစွာလျှောက်လှမ်းနေသည်ပင်။ လေအဝှေ့တွင်လွှင့်ပြယ်လာသည့်သူမ၏ ကိုယ်သင်းရနံ့ကလေးအား ဖြူစွဲလန်းနေမိပြီဖြစ်သည်။ လမ်းသွားလမ်းလာလူတစ်ချို့သည် မမနေခြည်အား လည်ပြန်ကြည့်သွားသည်ကို ဖြူမကြိုက်ပါ။ ဖြစ်နိုင်လျှင် မမနေခြည်အား ဖြူ့အိပ်ကပ်ထဲသို့ထည့်ထားလိုက်ချင်ပါသည်။
"ဖြူကလေး ဘာစားပြီးပြီလဲ"
"ဖြူ မမနေခြည်နဲ့ဖုန်းပြောပြီးတယ်ဆို စာကြည့်ပြီး အိပ်ပျော်သွားတာ"
"ဒါဖြင့် ဗိုက်ဆာနေပြီလား"
"ဟင့်အင်း ဖြူ ဗိုက်မဆာပါဘူး"
VOCÊ ESTÁ LENDO
ပထမဦးဆုံးသော
Romanceဖြူ့ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း စိတ်အလုံးစုံသည် သူမအပေါ်တွင် များစွာမှီတည်နေလေပြီး။ သူမသည်သာ ဖြူ့ အလင်းတန်း။ သူမသည်သာ ဖြူ့ ကမ္ဘာကြီး။ အိုးး ထိုအမျိုးသမီးသည် ဖြူ့ကမ္ဘာကြီးတွင်ထွန်းလင်းတောက်ပလာတော့မည့် နေခြည်အလင်းတန်းပင်တည်း။