ဤမနက်တွင်လည်း ဖြူ အိပ်ရာမှထသည်နှင့် ပြတင်းပေါက်သို့သွားကာ တစ်ဖက်ခြံသို့ ကြည့်မိသည်။ အိမ်တံခါး ဖွင့်ထားပြီးဖြစ်သည်။ ယနေ့တွင်တော့ မမနေခြည် အစောကြီးနိုးနေသည်ထင်။ ဖြူ ရေချိုးလိုက်သည်။ ပိုင်မင်းမွေးနေ့ဖြစ်၍ ဘုရားသွားကြမည်ဖြစ်သည်။ ထို့ကြောင့် ဖြူ ဆင်စွယ်ရောင်မြန်မာဝတ်စုံကို ရွေးလိုက်သည်။ အနွေးထည်ကိုတော့ ယူရမည်။ အပြင်တွင် ရာသီဥတုသည်အေးသည်။ အေးသည်ဟူ၍ တစ်ဖက်ခြံသို့ အကြည့်တို့ရောက်သွားစဉ် မမနေခြည်၏ကားကလေး မောင်းထွက်သွားသည်ကိုမြင်လိုက်ရသည်။ ခြံတံခါးဆင်းဖွင့်သည့် မမနေခြည်သည် ပန်းနုရောင်မြန်မာဝတ်စုံကလေးအား ဆင်မြန်းထား၍တင့်တယ်လွန်းနေသည်။ မနက်စောစောပွင့်နေသည့် ပန်းကလေးတစ်ပွင့်နှင့်ပင်တူနေသည်ဟု ဖြူတွေးမိသည်။ ဘယ်သို့သွားမည်မသိ။ ဖြူ အောက်သို့ ဆင်းလာလိုက်သည်။
"အန်တီ နေကောင်းတယ်နော်"
"အင်း ကောင်းပါတယ် ကွယ် မင်းတို့သူငယ်ချင်း နိုးနေပြီထင်တယ် သွားကြလေ အပေါ်ကို ဟော..ပြောနေရင်း ဆင်းလာပါပြီ"
"ဟယ် အဖြူကောင်"
ဖြူ့ ကို ဝိုင်းကြည့်နေကြ၍ ဖြူ မသိသလိုနေလိုက်သည်။
"ဒီနေ့တော့ ငါ့တူမက မွေးနေ့ရှင်ကို သနားတယ်ဟေ့"
"အန်တီသန့် မသွားသေးတာလား"
"အခုပဲ သွားမလို့ ဖြူလေးရေ"
"ဟဲ့ ဖြူစင် ငါ့ထက်လှလို့မရဘူး သွား အဝတ်ပြန်လဲခဲ့"
"အမလေး!!! ပိုင်မင်းရယ် နင်က ပိုလှပါတယ် ဟုတ်ပြီးလား! ကဲ အဖြူကောင် လာ မြန်မြန်!! သွားကြမယ် ငါဗိုက်ဆာနေပြီ"
"ဟဲ့ ဘုရားအရင် သွားမှာနော်"
"အင်းလေ!! ဒီအချိန်သွားမှ ဘုရားက အပြန်နဲ့ဆို ဆိုင်တွေဖွင့်မှာနဲ့အတော်ပဲပေါ့"
"အဝေးရယ် နင်ဟာလေ!! ငါမပြောချင်ပါဘူး ငါ့မွေးနေ့မှာငြိမ်းငြိမ်းချမ်းချမ်းလေး နေချင်တယ်"
"မပြောချင်ရင်မပြောနဲ့ ငါတော့ အရင်သွားပြီး အဖြူကောင် လိုက်ခဲ့မြန်မြန်"
YOU ARE READING
ပထမဦးဆုံးသော
Romanceဖြူ့ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း စိတ်အလုံးစုံသည် သူမအပေါ်တွင် များစွာမှီတည်နေလေပြီး။ သူမသည်သာ ဖြူ့ အလင်းတန်း။ သူမသည်သာ ဖြူ့ ကမ္ဘာကြီး။ အိုးး ထိုအမျိုးသမီးသည် ဖြူ့ကမ္ဘာကြီးတွင်ထွန်းလင်းတောက်ပလာတော့မည့် နေခြည်အလင်းတန်းပင်တည်း။