Unicode
Part(2) ဦးဆောင်လမ်းပြ“ကမ္ဘာကြီးကကျဉ်းကျဉ်းလေးဆိုပေမဲ့ ငါတို့အတွက်တော့ ဝေးနေရဦးမယ်…
ကမ္ဘာကြီးကကျဉ်းကျဉ်းလေးဆိုပေမဲ့ ငါတို့ ခုထိ မတွေ့တာ ဘာကြောင့်လဲ…
ကမ္ဘာကြီးကကျဉ်းကျဉ်းလေးဆိုပေမဲ့ ငါအခုနင့်ရဲ့အရိပ်တောင် ရှာဖို့မလွယ်…
ကမ္ဘာကြီးကကျဉ်းကျဉ်းလေးဆိုပေမဲ့ ခုံတန်းဟောင်းလေးက ငိုနေရတယ်…”ကား soundbox မှ ပျံ့လွင့်လာသော နန်းဆုဦး၏ ‘လွမ်းနေရဦးမယ်’ ဆိုသော သီချင်းလေးက ကားမောင်းနေသူ ကျွန်တော့် စိတ်တွေကို ခင်ဗျားဆီ လွင့်စေခဲ့သည်။ သီချင်းသံကို နားထောင်ဖို့ စိတ်အစဉ်မရှိတော့တာကြောင့် ကျွန်တော် လှမ်းပိတ်လိုက်သည်။ ကမ္ဘာကြီးက ကျဉ်းတယ်လို့ ဘယ်ကောင်က ပြောခဲ့တာပါလိမ့်။ ကမ္ဘာကြီးသာကျဉ်းရင် ကျွန်တော် ခင်ဗျားကို တွေ့သင့်နေပြီ မဟုတ်လား။ ကမ္ဘာကြီးက တကယ်ပဲကျဉ်းတယ် ဆိုရင်တော့ ခင်ဗျားက အပုန်းကောင်းနေတယ်ပဲ ဆိုရမလား။ ကျွန်တော်ကတော့ ကမ္ဘာကြီးက ကျဉ်းတယ်ဆိုသည့် အဆိုကို မနှစ်မြို့ပါ။ ကမ္ဘာက ကျယ်ပါသည်၊ သို့သော် ကျွန်တော်တို့နှစ်ယောက်စာ နေရာလေးတစ်နေရာကို မဝေမျှနိုင်ကြပါဘူး။
"သားပြန်လာပြီလား။"
ဝင်လာနေမှန်းသိရက်နှင့် လောကွတ်ချော်၍မေးနေသော မေမေ့စကားကို ကျွန်တော် "အင်း" တစ်လုံးသာ အဖြေပြန်ပေးပြီး အပေါ်ထပ်တက်ရန် တာဆူလိုက်တော့ မေမေက လှမ်းပြောလာသည်။"အမေတို့ ခဏလောက် စကားပြောရအောင်လေ၊ သားဖေဖေလည်းစောင့်နေတယ်။"
ဘာတွေများ ပြောကြဦးမှာပါလိမ့်။ ကျွန်တော် အခုချိန်မှာ ဘယ်သူ့စကားကိုမှ နားဝင်လက်ခံလိုစိတ် မရှိသော်လည်း ဧည့်ခန်းထဲရှိ Daddy နှင့် မျက်နှာချင်းဆိုင် ဝင်ထိုင်လိုက်သည်။ Daddy က လူအေးသမားလို့ ပြော၍ရသည်။ စကားလည်းသိပ်မပြော။ သို့သော် တစ်ခါတလေ အမိန့်အာဏာပုံစံမျိုး ထုတ်သုံးတတ်သေးသည်။ မေမေကတော့ ပေါ့ပေါ့ပါးပါး အမျိုးသမီးတစ်ယောက်ပင်။ စိတ်ဆတ် တတ်သူလည်း ဖြစ်သည့်အလျောက် တစ်ခုခုဆိုလျှင် ဒေါသကအရင်…"သားဘွဲ့ရတော့မယ်နော်…"
သိနေနှင့်ပြီးသားဖြစ်လျက်နှင့် ဘာကြောင့်များမေးနေကြပါလိမ့်။ ကျွန်တော်က သည်လို လောကွတ်စကားတွေထက် ခင်ဗျားပြောတဲ့ ပြတ်ပြတ်ရှင်းရှင်းစကားတွေကို ပိုနှစ်ခြိုက်သည်။
![](https://img.wattpad.com/cover/324654620-288-k140440.jpg)