Part(5) Addicted

6K 463 41
                                        

Part(5) စွဲလမ်းမှု

သင်းပျံ့သည့် ကော်ဖီရနံ့၊ အေးစိမ့်စိမ့် ရာသီဥတုက My secret's café ကော်ဖီဆိုင်လေးနှင့် လိုက်ဖက်စွာ ပနံသင့်နေသည်။ ရှေ့မှာချထားသည့် black coffeeကို တစ်ငုံသောက်လိုက်တော့ ပြင်းရှရှ ခါးသက်မှုက လည်ချောင်းထဲမှာ ဂဠုန်ဆန်နေသယောင်။ လွန်ခဲ့သည့် သုံးနှစ်ကတည်းက ကျင့်သားရအောင် သောက်ဖြစ်ခဲ့သည့် သည်ကော်ဖီက ယခုထိတိုင် အခါးမကြိုက်သည့် ကျွန်တော့်အတွက်
နည်းနည်းတော့ အဆင်မပြေဖြစ်နေတုန်းပဲ။

"ညီလေး သင်္ကြန်မလား။"

ကျွန်တော့် နာမည်ခေါ်သံနှင့်အတူ လက်မောင်းကို လာထိသောလက်တစ်ဖက်ကြောင့် မော့ကြည့်လိုက်တော့ ကိုရှိုင်း။
"ဟင်...ကိုရှိုင်းပါလား။ ထိုင်ဦးလေ။ တစ်ယောက်တည်းလား။"

ကိုရှိုင်းက ကျွန်တော့်ကိုလှိုက်လှိုက်လှဲလှဲပြုံးပြကာ ရှေ့ခုံတွင်ဝင်ထိုင်လေသည်။

"အစ်ကို့ ဇနီးလောင်းနဲ့လာတာ။ ညီလေးရော တစ်ယောက်တည်းလား။"

ကိုရှိုင်းရဲ့ ဇနီးလောင်း ဟူသော အသုံးအနှုန်းကြောင့် အံ့ဩ သွားရသည်။ သူတောင် လက်ထပ်တော့မှာပါလား။ သူမေးတဲ့ တစ်ယောက်တည်းပဲလား ဆိုတာကတော့ ကိုစစ်ရော မပါဘူးလား ဟုမေးသည့်ပုံတော့ မဟုတ်နိုင်။ ကိုစစ်က ကျွန်တော့်ကိုပဲ ခြေရာဖျောက်သွားတာမဟုတ် ကိုရှိုင်းတို့အပါအဝင်ပင်။
"ဟုတ်တယ် အစ်ကို။ ကျွန်တော် တစ်ယောက်တည်းပဲ။ မတွေ့တာတောင်ကြာပြီနော်။"

ကိုရှိုင်းက တစ်ချက်စဉ်းစားနေဟန်ပြုပြီးမှ
"အင်း... မတွေ့ဆို အစ်ကိုဘွဲ့ရပြီးလောက်ကတည်းက ထင်တယ်နော်။ နှစ်နှစ်ကျော်ပြီပေါ့။ အေးကွာ အစ်ကိုလည်း မန္တလေး သွားပြီး နောက်ပိုင်း ဒီကိုပြန်မလာဖြစ်ဘူး။ ညီလေးရော ဘွဲ့ရပြီလား။"

"၂လပိုင်းလောက် ဖြစ်မယ် အစ်ကို။ ဒါနဲ့ဒီကိုပြန်လာတာက။"

"ဪ...ဟုတ်သား အစ်ကိုမေ့နေတာ။ ခဏ ကိုယ့်ဇနီးလောင်းလည်း ပါတယ်လေ။ ညီလေး သူ့ကိုသိပါတယ်။ ဟော ဟိုမှာလာပြီ။"

ကျွန်တော်လည်းသိသည့် သူဟု ပြောတာကြောင့် ကိုရှိုင်းမေးဆတ်ပြရာကို ကြည့်လိုက်တော့ မမမှုန်ကို တွေ့လိုက်ရသည်။ မမမှုန်က ကိုရှိုင်းနှင့် လက်ထပ်မည့်သူတဲ့လား။ လွန်ခဲ့တဲ့ နှစ်တွေကလို ဆံပင်ရှည်ကြီးနှင့် မမနှုင်းမှုန်မဟုတ်တော့ဘဲ ဆံပင်ကို ဂုတ်ဝဲလေး ညှပ်ထားကာ ပေါ့ပါးသွက်လက်စွာ ကိုရှိုင်းနှင့် ကျွန်တော်ရှိရာကို လှမ်းလာနေသည်။ ကျွန်တော့်ကို တွေ့တွေ့ချင်းမှာပင်
"ဟယ်... သင်္ကြန် မဟုတ်လား။"

OPPOSITE { Edited Version } Where stories live. Discover now